နီပေါယာယီအစိုးရ ဝန်ကြီးချုပ်ကို တရုတ် ဂုဏ်ပြုသဝဏ်လွှာပေးပို့

(နိုင်ငံတကာ) စက်တင်ဘာ ၁၄

နီပေါနိုင်ငံ ယာယီအစိုးရ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဆူရှီလာ ကာကီထံကို တရုတ်နိုင်ငံက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ပြောဆိုချက်ကိုကိုးကားပြီး ဆင်ဟွာသတင်းတစ်ရပ်ကပြောပါတယ်။

နိုင်ငံအဝှမ်းက ဆန္ဒပြပွဲ​တွေကြောင့် ကေပီ ရှာမာအိုလီ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်သွားပြီးနောက် တရားသူကြီးချုပ်ဟောင်းဖြစ်တဲ့ ကာကီ ဟာ နီပေါ ယာယီအစိုးရ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ပြီး  စက်တင်ဘာ ၁၂ ရက်နေ့ ညနေခင်းက အစိုးရတာဝန်ကိုစတင်ကာ တာဝန်ယူခဲ့တယ်လို့သိရပါတယ်။

တရုတ်နိုင်ငံနဲ့ နီပေါနိုင်ငံတို့ဟာ ကာလကြာမြင့်စွာ တည်တံ့ခဲ့တဲ့ ချစ်ကြည်ရင်းနှီးမှုကို မျှဝေပိုင်ဆိုင်ထားကာ တရုတ်နိုင်ငံအနေနဲ့ နီပေါပြည်သူ​တွေက လွတ်လပ်စွာ ရွေးချယ်ထားတဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကိုလည်း အစဉ်အမြဲ လေးစားတယ်လို့  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို မြှင့်တင်ဖော်ဆောင်ရေး၊ နယ်ပယ်အသီးသီးမှာ အပြန်အလှန် ကူးလူးဖလှယ်မှုနဲ့ ပူးပေါင်းဆေင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးကို တစ်ဆင့်တိုးကာ မြှင့်တင်ရေးအတွက် နီပေါနိုင်ငံနဲ့ လက်တွဲဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့ သူကပြောဆိုခဲ့တာဖြစ်ပါတယ်။

နီပေါနိုင်ငံ ယာယီအစိုးရ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဆူရှီလာ ကာကီထံကို တရုတ်နိုင်ငံက ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့မှာ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#PAN