တောင်ကြီးမြို့တွင် နေအိမ်မီးလောင်မှုဖြစ်ပွား

(မှုခင်း) စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ရွှေဟင်္သာလမ်းရှိ အိမ်ပိုင်ရှင် ဦးအောင်သန်းထွန်း၏ (၁၂x၂၇)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ မြေစိုက်(၁)ထပ် နေအိမ်တွင် စက်တင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၁၁ နာရီ ၅၅ မိနစ် အချိန်ခန့်က လျှပ်စစ်မိန်းခုံတွင် Power Bank အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ မီးလောင်မှုနေရာကို ရှမ်းပြည်နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် (၉)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုကြောင့် ဦးအောင်သန်းထွန်း၏ (၁၂x၂၇)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ မြေစိုက်(၁)ထပ် နေအိမ်အတွင်းရှိ သိုလှောင်ထားသော ကလေးဒိုက်ဘာများ၊ အမျိုးသမီး လစဉ်သုံးပစ္စည်းများနှင့် အလှကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးအောင်သန်းထွန်းအား တောင်ကြီးမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။