
(ပြည်တွင်း) စက်တင်ဘာ ၁၀
၂၀၂၅ ခုနှစ် ဩဂုတ်လအတွက် အလုပ်သမားစေလွှတ် လချုပ်စာရင်းများ အချိန်မီတင်ပြရန် လိုအပ်နေသော အေဂျင်စီ ၁၀၀ ကျော်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၊ Safe Migration ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြည်ပနိုင်ငံအသီးသီးသို့ အလုပ်သမားစေလွှတ်ခြင်းအတွက် အေဂျင်စီများက လစဥ်စေလွှတ်လုပ်သားစာရင်းများ တင်ပြရခြင်းဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် ဩဂုတ်လအတွက် စေလွှတ်လချုပ်ပေးပို့ခြင်းမရှိတဲ့ အေဂျင်စီစုစုပေါင်း ၁၁၈ ခုရှိပြီး ယင်းအေဂျင်စီများအနေဖြင့် အချိန်မီစာရင်းမပေးပို့နိုင်ပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း သိရပါတယ်။
လိုင်စင်ရအေဂျင်စီများက နိုင်ငံအလိုက်မိမိတို့စေလွှတ်ခဲ့သော အလုပ်သမားတစ်ဦးချင်းစီ၏ အမည်၊ မှတ်ပုံတင် နံပါတ်၊ မွေးသက္ကရာဇ်၊ နိုင်ငံကူးလက်မှတ်နံပါတ်၊ ပြည်တွင်းနေရပ်လိပ်စာ၊ ပြည်ပသို့သွားရောက်သောနေ့စွဲ၊ ပြည်ပမှာ အလုပ်လုပ်နေတဲ့ အလုပ်အကိုင်နှင့် နေရပ်လိပ်စာ စသည့်များကို စာရင်းပြုစုပြီး အလုပ်သမားဝန်ကြီးဌာနသို့ ပေးပို့ရခြင်း ဖြစ်ပါတယ်။
အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ရန် လျှောက်ထားလာသူများ၏ ကိုယ်ရေးအချက်အလက် (Profile) ပေါ်မူတည်ကာ စေလွှတ်သင့်/မသင့် ဆုံးဖြတ်ပေးနေခြင်းဖြစ်ပါတယ်။