(မှုခင်း) သြဂုတ် ၇

တာဝန်သိ ပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း သတင်းရရှိမှု ၄၆ ကြိမ်ရရှိခဲ့ပြီး သတင်းမှားလေးကြိမ်၊ နောက်ကျ သတင်း နှစ်ကြိမ်နှင့် ဖမ်းဆီးရမိမှု သတင်းမှန်အကြိမ် ၄၀ ဖြစ်ပြီး သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိအမှုတွဲ ၈၅ မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်း များ၊ လူသုံး ကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း အမျိုး ၅၀ အပါအဝင် ဖမ်းဆီးရမိမှုခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၉၄ ဒသမ ၀၁၈ သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များအပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော် ဆိုင်ကယ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇူလိုင်လအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း ဖမ်းဆီးရမိမှုခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၉၄ ဒသမ ၀၁၈ သန်း၏ ၂၀ ရာခိုင်နှုန်း ဖြစ်သော ငွေကျပ် ၅၁၈ ဒသမ ၈၀၄ သန်းကို သတင်းပေး ဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများမှ မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထိုကြောင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုသတင်းများနှင့် ပတ်သက်၍ လက်ကိုင်ဖုန်း – ၀၉၄၀၄၃၃၉၉၆၉၊ အော်တိုတယ် လီဖုန်းနံပါတ်-၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo@gmail.com သို သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း သိရသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များကိုဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနကဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်ရရှိမှုသည် အလွန်အရေးပါလျက်ရှိကြောင်း သိရသည်။
#PAN