မွန်ပြည်နယ်မှာ ဒုရဲအုပ်တစ်ဦး မိမိကို မိမိအဆုံးစီရင်

(မှုခင်း) ဇွန်လ ၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က ဒုရဲအုပ်တစ်ဦးမှာ ဇွန်လ ၈ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က မိမိကို မိမိအဆုံးစီရင်၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုရဲအုပ်မှာ နေအိမ်လိုင်းခန်းရှိ မီးဖိုခန်းအတွင်း ၎င်းအားထုတ်ပေးထားသည့် A-67150 Webley ၃၈ ဗို့ ခလပဖြင့် ယာဘက်နားထင်အား တေ့ကာပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားကြောင်း သိရသည်။

သေဆုံသွားသူမှာ ကျိုက်ထိုမြို့ မြို့မရဲစခန်းတွင် တာဝန်ကျနေသည့် ဒုရဲအုပ် ဝင်းကြိုင်မှာ မနက် ၇ နာရီက ရဲစခန်းတွင် တန်းစီပြီး ၎င်းနေထိုင်သည့် လိုင်းအမှတ်(၃)၊ အရာရှိနေ အိမ်လိုင်းခန်းသို့ ပြန်လာခဲ့ပြီး ၇ နာရီ ၃၀ မိနစ်အချိန်တွင် မိမိကို မိမိ လုပ်ကြံစီရင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဒုရဲအုပ်ဝင်းကြိုင်မှာ ယာဘက်နားထင် ဖေါက်ဝင်/ဝဲချိုစောင်း ဖေါက်ထွက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ဆေးစာဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အဆိုပါသေနတ်ဒဏ်ရာဖြင့်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဒုရဲအုပ် ဝင်းကြိုင်မှာ စိတ်ညစ်စရာတွေရှိနေကြောင်း မကြာခဏပြောကြားလေ့ရှိပြီး မည်သည့်အတွက် စိတ်ညစ်သည်ကို ပြောပြခြင်း မရှိကြောင်း၊ လင်မယားချင်း စကားများရန်ဖြစ်ခြင်း၊ တန်းစီရာတွင် စကားများခြင်းတို့မရှိဘဲ ၎င်းကိုယ်တိုင် အဆုံးစီရင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒုရဲအုပ်ဝင်းကြိုင်၏ ဇနီးဖြစ်သူ၏ ပြောဆိုချက်ရ သိရသည်။

ဒုရဲအုပ် ဝင်းကြိုင်မှာ မိမိကို မိမိ အဆုံးစီရင်၍ သေဆုံးသွားခဲ့သော်လည်း အကြမ်းဖက်အားပေးမီဒီယာချန်နယ်များက လိုင်စင်မဲ့ယာဥ်များအား စစ်ဆေးနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ခဲ့ပြီး သေဆုံးသွားကြောင်း သတင်းအမှားတွေကို ရ့ည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေကြသည်ကို တွေ့ရသည်။