ရုရှားဗုံးကြဲလေယာဉ်ငယ်များကို ယူကရိန်းစစ်တပ်မှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့

(နိုင်ငံတကာ) ဇွန် ၂


ရုရှားစစ်တပ်၏ ဗျူဟာမြောက် ဗုံးကြဲလေယာဉ်ငယ်များထားရှိသည့် အခြေစိုက် စခန်း (၅)ခုကို ယမန်နေ့ ဇွန်လ တစ်ရက်နေ့က ဒရုန်းဖြင့် ဗုံးကြဲခဲ့ကြောင်း ယူကရိန်းစစ်တပ်ကဆိုသည်။


အဆိုပါတိုက်ခိုက်မှုကို ရုရှားစစ်တပ်က အတည်ပြုထားပြီး အနောက်နိုင်ငံအခြေစိုက်မီဒီယာများ၏ ဖော်ပြချက်အရ ရုရှား၏ ဗျူဟာမြောက် ဗုံးကြဲလေယာဉ် အစင်း ၄၀ ထက်မနည်း ပျက်စီးခဲ့ကြောင်းသိရသည်။
အဆိုပါ စစ်ဆင်ရေးအား “ပင့်ကူအိမ်” စစ်ဆင်ရေးဟု အမည်ပေးထားပြီး ဒရုန်းပေါင်း ၁၁၇ စီးအထိ အသုံးပြုခဲ့ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးကပြောသည်။

ယူကရိန်းထောက်လှမ်းရေးဌာနမှ သတင်းရင်းမြစ်များ၏ ထုတ်ဖော်ချက်အရ အဆိုပါစစ်ဆင်ရေး ဖြစ်မြောက်ရန် တစ်နှစ်ခွဲခန့် အချိန်ယူခဲ့ကြောင်းသိရသည်။


ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် ရုရှား၏ ပဲထိန်းဒုံးကျည်တင် လေယာဉ်များမှ ၃၄ ရာခိုင်နှုန်းအားဖျက်စီနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇ ဘီလီယံနီးပါးတန်ကြေးရှိကြောင်း ယူကရိန်းသတင်းရင်းမြစ်များကဆိုသည်။
အဆိုပါတိုက်ခိုက်မှုအား ယူကရိန်းအနေဖြင့် အမေရိကန်ကို ကြိုတင်အသိပေးခဲ့ခြင်းမရှိကြောင်း အမေရိကန်မီဒီယာများကဖော်ပြထားသည်။


ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ရုရှားသမ္မတပူတင်နှင့် ယူကရိန်းသမ္မတ ဇလန်းစကီးတို့ မကြာမှီကာလအတွင်း တူကီယေးနိုင်ငံတွင် တွေ့ဆုံရန်သတင်းထွက်ပေါ်ပြီးနောက် ယခုတိုက်ခိုက်မှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

PAN