(ပြည်တွင်း) ဧပြီ ၁၉
ငလျင်ဒဏ်သင့်အဆောက်အဦများ ပြန်လည်တည်ဆောက်ခွင့်တင်ပြလာချိန်တွင် ငလျင်ဒဏ် ရက်ချ်စတာစကေး ၈ အဆင့်အထိခံနိုင်သည့်အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုရန် အတွက် နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီ SOP ကြိုတင်ရေးဆွဲ ထားရန်လိုအပ်ပြီး ရေးဆွဲထားသည့် SOPနှင့်အညီ စိစစ်၍ ဆောက်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဧပြီ ၁၉ ရက်နေ့က ပြုလုပ်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်မှ မှာကြားခဲ့ကြောင်း သိရသည်။
ပြန်လည်တည်ဆောက်မှုများအပေါ်အသေးစိတ်စစ်ဆေး ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည့်အပြင် ယခုနှစ် ပညာသင်နှစ်အမီ ကျောင်းအပ်နှံလာမည့် ကျောင်းသား/သူများခန့်မှန်းအင်အားအတိုင်း စာသင်ဆောင်များ လုံလောက်မှုရှိစွာ ပညာသင်ကြားနိုင်ရေးနှင့်ပျက်စီးသွားသော စာသင်ဆောင်များအမြန်ပြုပြင်နိုင်ရေး၊ ဝန်ထမ်းများလုံခြုံစွာနေထိုင်နိုင်ရေးနှင့် စားသောက်မှု အဆင်ပြေစေရေးတို့အတွက် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
မကြာမီမိုးတွင်းကာလရောက်ရှိတော့မည်ဖြစ်သည့်အတွက် ယာယီအဆောက်အဦများဖြင့် နေထိုင်သူများအနေဖြင့် ဝမ်းပျက်၊ဝမ်းလျှောရောဂါများ ဖြစ်ပွားလာနိုင်၍ ဆေးဝါးများ ကြိုတင်ပြင်ဆင်ထားရန်၊ မိုးတွင်းကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ ဆေးဝါးများ အသင့်ဖြစ်စေရေးနှင့် လူအသင့်၊ ပစ္စည်းအသင့်ဖြင့် စနစ်တကျစုဖွဲ့ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။
#PAN