(နိုင်ငံတကာ) ဧပြီ ၁၆

ပါလက်စတိုင်းနိုင်ငံ တည်ထောင်မည့်အရေးကို ဆန့်ကျင်ကန့်ကွက်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု က ဧပြီလ ၁၅ ရက်တွင် ပြောကြားသည်။
နိုင်ငံတကာမှ ပါလက်စတိုင်းနိုင်ငံတည်ထောင်မည့်အရေးအား ထောက်ခံမှု မြင့်တက်နေချိန်တွင် နေတန်ယာဟုက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
မိမိအနေဖြင့် ပါလက်စတိုင်းနိုင်ငံ တည်ထောင်မည့်ကိစ္စအား ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် ၎င်းကိစ္စသည် အကြမ်းဖက်မှုများ ဆောင်ရွက်ရန် အားပေးခြင်း ဖြစ်သည်ဟု နေတန်ယာဟု က ပြင်သစ်သမ္မတမက်ခရွန်အား ဖုန်းဖြင့်ဆွေးနွေးစဉ် ပြောကြားခဲ့သည်။
ပါလက်စတိုင်းအား နိုင်ငံအဖြစ်တည်ထောင်ပါက အီရန်က၎င်းနိုင်ငံတွင် အကြမ်းဖက်မှုများ ဆောင်ရွက်ရန် အခြေစိုက်စခန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ၎င်းကိစ္စကို အစ္စရေး နိုင်ငံသားများက ဆန့်ကျင်လိမ့်မည်ဟု နေတန်ယာဟုက ပြောကြားသည်။
မိမိအနေဖြင့် ဓားစာခံများပြန်လည်လွတ်မြောက်ရေးနှင့် ဟားမတ်စ်အဖွဲ့အား လက်နက် စွန့်လွှတ် ရေးတို့ကို လိုလားကြောင်း လူမှုမီဒီယာအိက်စ်တွင် မက်ခရွန် က ပြောကြားသည်။
အပစ်အခတ်ရပ်စဲရေး ဆောင်ရွက် ခြင်းဖြင့် ဓားစာခံများပြန်လည်လွတ်မြောက်ရေးဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဂါဇာဒေသသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို ဝင်ရောက်ခွင့်ပြုရန် လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းဌာန ဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews