မြန်မာထဲကိုပို့မယ့် လက်နတ်များ ထိုင်းဘက်ခြမ်းတွင် ဖမ်းဆီးရမိ

(နိုင်ငံတကာ) မတ် ၂၇

ထိုင်းနိုင်ငံ တာ့ခရိုင်၊ မယ်လမမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် မတ် ၂၆ရက်နေ့က လက်နတ်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

မဲဆောက် – တဆောင်းယန်လမ်းပေါ်ရှိ ဟွေ့ဟင် စစ်ဆေးရေးဂိတ်မှာ ခရီးသည်တင်ကားတွေကို အမှတ် (၃၅) ရိန်းဂျားတပ်ဖွဲ့က ရှာဖွေစစ်ဆေးစဥ် ယခုလို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလက်နက်ခဲယမ်းများသည် မြန်မာပြည်တွင်းသို့ပေးပို့ရန်ဖြစ်နိုင်သည်ဟု ထိုင်းအာဏာပိုင်များကသုံးသပ်ထားပြီး ယာဉ်မောင်း၏ ထွက်ဆိုချက်အရ လူတယောက်မှ ပို့ခိုင်းသည့်အတွက် မောင်းနှင်လာခြင်းဖြစ်ကြောင်း အထဲတွင် မည်သည့်အရာများ ပါဝင်သည်ကိုမသိကြောင်း ပြောဆိုထားသည်။

လိုင်းကားတစီး၏ ရှေ့ယာဥ်မောင်း ထိုင်ခုံနောက်ကွယ်တွင် အိတ်အဖြူတစ်လုံးနှင့်ထည့်ထားသည့် 9mm Sig Sauer ပစ္စတိုနှစ်လက်၊ ၉ မီလီမီတာ ကျည် ၂၀၀၊ M67 လက်ပစ်ဗုံးတစ်လုံး၊ K75 လက်ပစ်ဗုံး တစ်လုံးတို့ကို တာဝန်ရှိသူတွေက ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

အာဏာပိုင်များမှ လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး ကားဒရိုင်ဘာကို ဖမ်းဆီးကာ မယ်လမ ရဲစခန်းတွင် စစ်ဆေးနေကြောင်း သိရသည်။