သထုံမှာပြုလုပ်တဲ့ ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို ဗိုလ်မှူးကြီးခွန်ဥက္ကာ တက်ရောက်

(ပြည်တွင်း) မတ် ၁၃

ပအိုဝ့်တိုင်းရင်းသားအများစုနေထိုင်တဲ့ မွန်ပြည်နယ် သထုံမြို့နယ်မှာ ကျင်းပတဲ့ ၇၆ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို (NCA-S EAO) ထိပ်သီးခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာ တက်ရောက်တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

မတ်လ ၁၃ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာတော့ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာမှာရှိတဲ့ ပအိုဝ်းအမျိုးသား ဗိမာန်မှာဘီးလင်းမြို့နယ်၊ ခဲမောက်ကျောင်းတိုက် စင်္ကာပူဆရာတော် မဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တ စန္ဒဝံဿ၊ သထုံမြို့နယ် သုဝဏ္ဏရံသီ ဆရာတော် ဥူးစဏ္ဏောဘာဿ အပါအဝင် ပင့်သံဃာ ၁၀၀ ပါးကို ၇၆ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အာရုဏ်ဆွမ်းဆက်ကပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ၇၆ နှစ်မြောက်ပအိုဝ်းအမျိုးသားနေ့ အနားကိုဆက်လက်ပြုလုပ်ခဲ့ကြပြီး မုဒ်ဦးကို ဖဲကြိုဖြတ်ဖွင့်လှစ်တာတွေ ပအိုဝ်းအမျိုးသားအလံကို လွှင့်တင်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပအိုဝ်းအစ သထုံက၊ ဗုဒ္ဓအစ သထုံက သမိုင်းအထောက်အထားအထင်းအရှားရှိခဲ့ပြီး ယခုလိုမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းအောက်မှာ သထုံဗဟိုပြု မွန်ပြည်နယ်က ပအိုဝ်းအမျိုးသားဒေသမှာ ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်တဲ့အတွက် ဝမ်းသားပီတိဖြစ်ရတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

မွန်ပြည်နယ်က ပအိုဝ်းလူမျိုးတွေဟာ မျိုးချစ်စိတ်အပြည့်ရှိတဲ့အပြင် အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် တစိုက်မတ်မတ်ကြိုးပမ်းနေကြတာကို တွေ့ရှိရသည့်အတွက် ချီးကျူးဂုဏ်ပြုတယ်လို့လည်းဆိုပါတယ်။

လူမျိုးပေါင်း ၁၃၅ မျိုးထဲမှာ ပအိုဝ်းလူမျိုးဟာ လူမျိုးကြီးမဟုတ်သလို လူမျိုးငယ်လည်းမဟုတ်ပဲ လူမျိုးတစ်မျိုးအဖြစ် သတ်မှတ်နိုင်ရေးအတွက် အချက် ၆ ချက်ရှိပြီး နောက်ဆုံးအချက်မှာ လူမျိုးတစ်မျိုးအဖြစ် သီးခြားရပ်တည်လိုသော ဆန္ဒရှိခြင်း မှာ အရေးကြီးဆုံးသော အချက်ဖြစ်တယ်လို့ သူကပြောပါတယ်။

အခမ်းအနားမှာ မွန်ပြည်နယ် တိုင်းရင်းသားလူမူရေးရာဝန်ကြီး ဦးခင်မောင်ဦးက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံကပေးပို့လာတဲ့ သဝဏ်လွှာနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ပေးပို့တဲ့သဝဏ်လွှာကို သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ဖတ်ကြားခဲ့ကြတယ်လို့ သိရပါတယ်။

၇၆ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို (NCA-S EAO) ထိပ်သီးခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ မွန်ပြည်နယ်ပအိုဝ်း စာပေနဲ့ယဥ်ကျေးမှုအဖွဲ့ဝင်တွေ သထုံမြို့နယ် ပအိုဝ်းစာပေနဲ့ယဥ်ကျေးမှုအဖွဲ့ဝင်တွေ ဒေသခံ ပအိုဝ်းတိုင်းရင်းသား/သူ စုစုပေါင်းအင်အား ၅၀၀ ဦးခန့်တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

#PAN #ပအိုဝ်းအမျိုးသားနေ့ #သထုံ #ဗိုလ်မှူးကြီးခွန်ဥက္ကာ