အသင်းပြဿနာကိုမဖြေရှင်းနိုင်တဲ့အတွက် အပြစ်ရှိတယ်လို့ဝန်ခံခဲ့တဲ့ ဂွါဒီယိုလာ


(အားကစား) ဖေဖော်ဝါရီ ၁၃

ဦးဆောင်ဂိုးတွေရခဲ့ပေမယ့် ချေပဂိုးတွေ ပြန်ပေးခဲ့ရတဲ့ အသင်းရဲ့ပြဿနာကို မဖြေရှင်းနိုင်မှုအတွက် သူ့ကိုပဲ အပြစ်တင်သင့်တယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က ပြောကြားပါတယ်။

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ရီးရဲလ်အသင်းနဲ့ပွဲစဉ်မှာ ပွဲချိန် ၈၅ မိနစ်အထိ ၂ ဂိုး၊ ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လက်ကျန်မိနစ်တွေအတွင်း ချေပဂိုးအပြင် ဘယ်လင်ဟမ်ရဲ့ အနိုင်ဂိုး သွင်းယူမှုကို ခွင့်ပြုပေးလိုက်ရပြီး ပွဲအပြီးမှာ ရှုံးနိမ့်ခဲ့ရပါတယ်။

မန်စီးတီးအသင်းအနေနဲ့ အခုရာသီအတွင်းပြိုင်ပွဲစုံမှာ ဦးဆောင်သူအနေအထားကနေ ရှုံးနိမ့်ခဲ့တဲ့ ၅ ပွဲမြောက် ပွဲလည်းဖြစ်ခဲ့ပါတာကြောင့် မန်စီးတီးအသင်းရဲ့ စံချိန်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

အသင်းက လက်ရှိရာသီမှာ အခုလိုပုံစံမျိုး မကြာခဏဖြစ်နေပြီး အဆိုပါပြဿနာအတွက် အဖြေမရှာနိုင်ခဲ့တဲ့ သူ့မှာသာ တာဝန်ရှိတယ်လို့ ပွဲအပြီးမှာ ဂွါဒီယိုလာ က ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ရီးရဲလ်နည်းပြ အန်ဆလော့တီ ကတော့ အသင်းနဲ့ ထိုက်တန်တဲ့ နိုင်ပွဲတစ်ခုကို ရယူနိုင်ခဲ့တာဖြစ်ပြီး အသင်းသားတွေရဲ့ အားထုတ်မှုအတွက် အားရကျေနပ်မိတယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN