(ပြည်တွင်း) ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသည် ဆေးဝါးသုံးစွဲသူပြည်သူများ သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဆေးဝါးများမပြတ်လပ်စေရေး အတွက် ရည်ရွယ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ နေပြည်တော်ကောင်စီ၏ ပံ့ပိုးမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ မင်္ဂလာကန်တော်ခန်းမ (မြင်းရုပ်အနီး)မှာ ဒုတိယအကြိမ်မြောက်အဖြစ် ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲအား ဇန်နဝါရီလ ၂၇ ရက်မှ ၃၁ ရက်အထိ ငါးရက်တိုင်တိုင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆေးကုမ္ပဏီ ၄ဝ မှ ဆေးဝါးမျိုးစုံတို့အား ပါဝင်ပြသရောင်းချပွဲကျင်းပလျက်ရှိကြောင်း သိရပါတယ်။
ထိုကဲ့သို့ ဆေးဝါးများဝယ်ယူရာတွင် ဝယ်ယူမရရှိခြင်းများနှင့် အခြားသောအခက်အခဲများ ရှိနိုင်ခြင်းတို့အပြင် ဆေးဝါးများ မှားယွင်းဝယ်ယူမိခြင်းမရှိစေရန်နှင့် အာနိသင်ရှိသော အလားတူ ဆေးဝါးများအား စိတ်ချစွာဝယ်ယူနိုင်ရန် အတွက် ဆွေးနွေးတိုင်ပင် လမ်းညွှန်မှုပြုပေးနိုင်ရန် ပြပွဲကျင်းပစဉ်ကာမှာ ဆရာဝန်နှင့် ဆေးဝါးနားလည်ကျွမ်းကျင်သူ များက ဝန်ဆောင်မှုပေးလျက် ရှိပါတယ်။
ဒါ့အပြင် လာမယ့်ဖေဖော်ဝါရီလအတွင်းမှာ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း အရောင်း စင်တာများကို ထပ်မံဖွင့်လှစ်ကာ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ တိုက်ရိုက်ဆေးဝါးရောင်းချခြင်းများ ပြုလုပ်သွားမှာဖြစ်ပြီး ဆေးဝါးသုံးစွဲသူပြည်သူများအနေနဲ့ မိမိတို့ကျန်းမာရေးအတွက် လိုအပ်သောဆေးဝါးများအား အဆိုပါ အရောင်းစင်တာများတွင် လေ့လာကြည့်ရှုဝယ်ယူနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းအနေဖြင့် အဆိုပါ ဆေးဝါးတိုက်ရိုက်ရောင်းချပွဲများကို ပထမအကြိမ်အနေနဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် ရန်ကုန်၊ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အရောင်းစင်တာများဖွင့်လှစ်ရောင်းချပေးခဲ့တယ်လို့လည်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews