“နျူကလီးယားစက်ရုံများ ကာကွယ်နိုင်ရေးအတွက် စစ်ရေးလေ့ကျင့်မှုများကို အီရန်စတင်”

 

(နိုင်ငံတကာ) ဇန်နဝါရီ ၁၃

 

အီရန်နိုင်ငံသည် ၎င်း၏နျူကလီးယားစက်ရုံများအား ကာကွယ်နိုင်ရေးအတွက် စစ်ရေးလေ့ကျင့်မှုများကို နိုင်ငံအနောက်ပိုင်းနှင့်မြောက်ပိုင်းရှိ လေကြောင်းကာကွယ်ရေးဇုန်များတွင် ဇန်နဝါရီလ ၁၂ ရက်က စတင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို might ဟု အမည်ပေးထားပြီး ဖော်ဒိုး ယူရေနီယံသန့်စင်ရေးစက်ရုံနှင့်ခွန်ဒက်ရေလေး နျူကလီးယားစက်ရုံများ ပါဝင်သည့် လေကြောင်းကာကွယ်ရေးဇုန် များတွင် စစ်မြေပြင်အခြေအနေများအတိုင်း ဖန်တီး၍လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှု အတွင်း အီရန်တပ်မတော်က ၎င်းတို့၏ ဒုံးကျည်များ၊ ရေဒါစနစ်များ၊ အီလက်ထ‌ရောနစ် စစ်ပွဲသုံးနည်းလမ်းများ၊ အီလက်ထရောနစ်သုံး ထောက်လှမ်းရေးနှင့်ကင်းထောက်ရေး တပ်ဖွဲ့များကို အသုံးပြု၍ ထိုးစစ်ဆင်ခြင်းနှင့်ခံစစ် ဆင်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လေ့ကျင့်မှုအတွင်း၌ အီရန်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့က နိုင်ငံအတွင်းရှိ အရေးပါသည့်စက်ရုံများနှင့် အဆောက်အအုံများကို ကာကွယ်ရန်အတွက် သရုပ်သကန်အမှန်ဖန်တီး၍ လေကြောင်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက် မှုများကိုပါ လုပ်ဆောင်ခဲ့ကြောင်း IRIB သတင်းဌာနက ထုတ်ပြန်ထားသည်။

အီရန်နိုင်ငံအနေဖြင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအသစ်များကို တုံ့ပြန်နိုင်ရေးအတွက် ယခုစတင်သည့် စစ်ရေးလေ့ကျင့်မှုများကို ၂၀၂၅ ခုနှစ် မတ်လ လယ်ခန့်အထိ လုပ်ဆောင်မည် ဖြစ်ကြောင်း အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ အလီမိုဟာမက် နာအီနီက ပြောကြားသည်ဟု IFP သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN #နျူကလီးယားစက်ရုံများ #စစ်ရေးလေ့ကျင့် #အီရန်