(ပြည်တွင်း) ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှ ၂၀၂၄ ခုနှစ်အတွင်း မျက်စိ ရောဂါလူနာပေါင်း ၁ သိန်းကျော်ကို ကုသပေးခဲ့ကြောင်း သိရပါတယ်။
ဆေးရုံတက်ရောက်ကုသရတဲ့ အတွင်းလူနာပေါင်း ၁၁,၀၀၀ ကျော်၊ ပြင်ပမှရက်ချိန်းနဲ့ လာရောက်ပြသတဲ့ ပြင်ပလူနာပေါင်း ၉၀,၀၀၀ ကျော်ပါဝင်ကာ မျက်စိခွဲစိတ်ကုသမှုပေါင်း ၉,၀၀၀ ကျော်ကို ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါခွဲစိတ်ကုသမှုပေါင်း ၉,၀၀၀ ကျော်အနက် အများဆုံးခွဲစိတ်ကုသရမှုများမှာ အတွင်းတိမ်ရောဂါ ခံစားနေရသူများဖြစ်ပြီး အမြင်လွှာကွာခြင်း၊ အမြင်လွှာပေါက်ခြင်း၊ မျက်လုံးအိမ်နောက်ခန်းသွေးယိုစိမ့်ခြင်း၊ မျက်တွင်းရောင်ခြင်းရောဂါများလည်းပါဝင်ကြောင်း သိရပါတယ်။
ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှာ မျက်ခွံနှင့် မျက်ရည်လမ်းကြောင်းဆိုင်ရာရောဂါများ၊ ကလေးမျက်စိရောဂါများ၊ မျက်ကြည်လွှာဆိုင်ရာရောဂါများ၊ ရေတိမ်ရောဂါ များ၊ အတွင်းတိမ်နောက်ဆက်တွဲရောဂါများနှင့် မျက်စိအာရုံကြောဆိုင်ရာရောဂါများကို စမ်းသပ်ကြည့်ရှု စစ်ဆေးခြင်း နှင့် ခွဲစိတ်ကုသခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။
#PAN #ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး