(ပြည်တွင်း) နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ (၁၂)ကြိမ်မြောက် မြန်မာ-လာအို ဒေသဆိုင်ရာနယ်ခြားကော်မတီ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက်နံနက်ပိုင်းက တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ 1 G 1- 11 (Eleven Hotel)ဟိုတယ် အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာစစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် ခေတ္တစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်းနှင့် ဘော်ကဲအိုခရိုင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထောင်းခိုင်း ဆီယာလာတ်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နှစ်နိုင်ငံကိုယ်စားလှယ်များမှ တစ်ဦးချင်း မိတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာ-လာအိုဒေသဆိုင်ရာနယ်ခြားကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း ဦးဆောင်သောအဖွဲ့နှင့် လာအိုနိုင်ငံမှ ဗိုလ်မှူးကြီး ထောင်းခိုင်း ဆီယာလာတ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က နှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မဲခေါင်မြစ်ကြောင်းတစ်လျှောက် အေးချမ်းတည်ငြိမ်မှု ရရှိစေပြီး ပြည်သူများ လှေ/သင်္ဘော အသုံးပြု၍ ကုန်စည်ကူးသန်းသွားလာမှုတွင် ဘေးကင်းလုံးခြုံမှုနှင့်အဆင်ပြေ ချောမွေ့မှု ရရှိစေရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ တရားမဝင်မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ကိစ္စရပ်များ စသည်တို့ကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် နှစ်နိုင်ငံကိုယ်စားလှယ်များ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြန်မာ-လာအို ဒေသဆိုင်ရာနယ်ခြားကော်မတီ နှစ်နိုင်ငံကိုယ်စားလှယ် အတွင်းရေးမှူးများက နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးနိုင်ရေး မှတ်တမ်းပြုစု၍ (၁၂)ကြိမ်မြောက် မြန်မာ-လာအို ဒေသဆိုင်ရာနယ်ခြားကော်မတီ အစည်းအဝေး သဘောတူညီချက်မှတ်တမ်းအား နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များက လက်မှတ်ရေးထိုးကာ အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများတွင်အများအားဖြင့် တူညီကြပြီး ကောင်းမွန်သည့် သံတမန်ဆက်ဆံရေးကို အပြန်အလှန်နားလည်မှုနှင့် စစ်မှန်သည့် ချစ်ကြည်ရင်းနှီးမှု ပိုမိုထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်၍ နှစ်နိုင်ငံ ကိုယ်စားလှယ်များက တာချီလိတ် ရွှေတိဂုံစေတီတော်သို့ လည်းကောင်း၊ မိုင်းဖုန်း(ခ)ကျေးရွာရှိ လွယ်ယွန်းခန်း စေတီတော်သို့လည်းကောင်း သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews