(ပြည်တွင်း) နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ၊ သာကေတမိကျောင်းမွေးမြူရေးစခန်းကို ဆန်းသစ်သော အသွင်အပြင်များနဲ့ အောက်တိုဘာလကုန်ပိုင်းမှစတင်ကာ ပြန်လည်ဖွင့်လှစ် လိုက်ပြီဖြစ်တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ အဆိုပါမိကျောင်းမွေးမြူရေး စခန်းကို ကိုဗစ်ကာလတွင် ယာယီပိတ်ထားခဲ့ပြီး ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ မိကျောင်းများ အပြင်မထွက်နိုင်ရန် အုတ်တံတိုင်းများ ကာရံထားတဲ့အပြင် အခြားသောလုံခြုံမှု အစီအမံများကိုပါ စနစ်တကျဆောင်ရွက် ထားတယ်လို့ သိရပါတယ်။
အဆိုပါမိကျောင်းကန်အတွင်း ရေငန်မိကျောင်းများကို ထိန်းသိမ်းထားပြီး ၎င်းတို့ဟာ သက်တမ်းအားဖြင့် နှစ် ၇၀ မှ ၈၀ အထိ အသက်ရှင်နိုင်သလို အမထက် အထီးများက အရွယ်အစားကြီးမားလေ့ရှိကာ ပျမ်းမျှအားဖြင့် အထီးက၁၅ ပေခန့်အထိရှည်လျားကြောင်း၊ အမက ၁၀ ပေခန့်အထိရှည်လျားလေ့ရှိကြောင်း၊ ဥအလုံးရေ ၂၀ မှ ၇၀ ခန့်အထိ ဥချလေ့ရှိပြီး၊ ကမ္ဘာပေါ်တွင် မိကျောင်းမျိုးစိတ် ၂၄ မျိုးရှိသည့်အနက်မှ ရေငန်မိကျောင်းများက မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေတယ်လို့လည်း သိရပါတယ်။
သာကေတမိကျောင်းမွေးမြူရေးစခန်းကို မြန်မာ့ရေလုပ်ငန်းမှ ၁၉၇၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ ငါးလုပ်ငန်းဦးစီးဌာနနှင့်ပူးပေါင်းကာ အပန်းဖြေ စခန်းအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ မွေးမြူရေးကန်အတွင်း ၁ ပေအရွယ်မှ ၁၀ ပေအထက်ရှိ မိကျောင်းအကောင်ရေ ၆၂၂ ကောင်ကို မွေးမြူထားပြီး ယင်းမိကျောင်းများသည် ရေငန်မိကျောင်း တစ်မျိုးတည်း သာဖြစ်ကြောင်းလည်း သိရပါတယ်။
လက်ရှိမှာ မိကျောင်းမွေးမြူရေးစခန်းဝင်ကြေးကို လူကြီးတစ်ဦးလျှင်ငွေကျပ် ၁,၀၀၀ နှုန်း၊ ငါးနှစ်အောက် ကလေးအခမဲ့၊ နိုင်ငံခြားသားတစ်ဦးလျှင်ငွေကျပ် ၅,၀၀၀၊ ကားတစ်စီး လျှင် ငွေကျပ် ၁,၀၀၀၊ စက်ဘီးတစ်စီးကိုငွေကျပ် ၅၀၀ စသဖြင့် သတ်မှတ်ထားပြီး နေ့စဉ်နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews