အင်းလေးဒေသတွင် တစ်လနီးပါးကြာ ရေနစ်မြုပ်ဆဲဖြစ်သည့် ကျေးရွာပေါင်း ၁၇၀ နီးပါးရှိနေ

(ပြည်တွင်း) အောက်တိုဘာ ၆

       ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေခဲ့သည်မှာ တစ်လနီးပါးခန့် ကြာမြင့်လာပြီဖြစ်ကာ ရေနစ်မြုပ်နေသည့်ကျေးရွာပေါင်း ၁၇၀ နီးပါးတွင် ရေအနည်း ငယ်သာ ပြန်ကျသေးကြောင်း ဒေသခံများထံမှ သိရပါတယ်။

       ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်က စတင်ခဲ့ကာ ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုမှာ အင်းလေးဒေသ ရေပြင်နှင့် ထိစပ်နေသည့် ကျေးရွာ ၁၇၀ နီးပါးတွင် ဖြစ်ပွားနေခြင်းဖြစ်ရာ လက်ရှိအချိန်ထိ ရေဘေးဒုက္ခကို ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ ရေက ၃ ပေခန့် ကျဆင်းသွားပေမယ့် အိမ်တွေကတော့ မြုပ်နေဆဲဖြစ်ပြီး အလှူရှင်တွေလာပေမယ့် အလှူရှင်တွေမရောက်ရှိသေးတဲ့ ရွာတွေလည်းရှိနေသေးတယ်လို့ ဒေသခံများထံမှသိရပါတယ်။

      ရေကြီးမှုကြောင့် အင်းလေးကန်အတွင်းရှိ နေအိမ်များပျက်စီးနေသလို လျှပ်စစ်မီးတိုင်လဲကျခြင်း၊ လယ်ယာ စိုက်ခင်းများ၊ ယက်ကန်းလုပ် ငန်းခွင်များလည်း ပျက်စီးပြီး လုပ်ငန်းများရပ်ဆိုင်းထားရမှုများ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

       ရေကြီးရေလျှံမှုကြောင့် ဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည်ပူဇော်ပွဲကိုလည်း မကျင်းပဖြစ်တော့ဘဲ ယခုဖြစ်ပေါ်လျက်ရှိသည့် ရေကြီးနစ်မြုပ်မှုက အင်းလေးဒေသတွင် အဆိုးဝါးဆုံးဖြစ်ပြီး ယခင်ဖြစ်ပေါ်ခဲ့သည့် ၁၉၉၁ ခုနှစ်ကထက် ပို၍ဆိုးကြောင်း ဒေသခံများထံမှ သိရပါတယ်။

#PAN