တရုတ်အိုးပင်း၌ ကိုကိုဂတ်ဖ် ဆီမီးဖိုင်နယ်တက်


(အားကစား) အောက်တိုဘာ ၅

တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာကျင်းပနေတဲ့ တရုတ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ဆီဒင် အဆင့်(၄)ရှိတဲ့ အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ် ဟာ ဆီမီးဖိုင်နယ်သို့ တက်သွားခဲ့ပါတယ်။

အောက်တိုဘာလ ၃ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ကိုကိုဂတ်ဖ် နဲ့ ယူကရိန်းတင်းနစ်မယ် စတာရိုဒက်ဆီဗာ တို့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရည်စစ်ပွဲကနေ ကွာတားအဆင့်အထိရောက်လာခဲ့တဲ့ စတာရိုဒက်ဆီဗာ ဟာ ပထမပွဲလတ်မှာ အကောင်းဆုံးပုံစံရခဲ့ပြီး ကိုကိုဂတ်ဖ် ကို ဖိအားပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒုတိယပွဲလတ်မှာတော့ ကိုကိုဂတ်ဖ် က ပုံမှန်လက်စွမ်းကို ပြန်ရခဲ့သလို စတာရိုဒက်ဆီဗာ ကလည်း ဖိအားတွေနဲ့အတူ အမှားအယွင်းတွေ များလာခဲ့ပါတယ်။

ပွဲကစားချိန် တစ်နာရီနဲ့ ၅၁ မိနစ် ကြာမြင့်ခဲ့ပြီးနောက်မှာ ကိုကိုဂတ်ဖ် က (၂း၆၊ ၆း၂၊ ၆း၂)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ခွင့်ရသွားခဲ့ပါတယ်။

ယူအက်စ်အိုးပင်းချန်ပီယံဟောင်း ကိုကိုဂတ်ဖ် အနေနဲ့ တရုတ်အိုးပင်း ဆီမီးဖိုင်နယ်အဆင့်ကို ၂ နှစ်ဆက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်မှာ ဆီဒင်အဆင့်(၁၅) ရထားတဲ့ စပိန်တင်းနစ်မယ် ဘာဒိုဆာ နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဘာဒိုဆာ က ကိုကိုဂတ်ဖ် နဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ၃ ကြိမ်နိုင်၊ ၂ ကြိမ်ရှုးရလဒ်နဲ့ အသာစီးရထားတာဖြစ်သလို အခုရာသီအီတလီအိုးပင်းမှာ ဆုံတွေ့တုန်းကလည်း ဘာဒိုဆာ က ကိုကိုဂတ်ဖ် ကို အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN