သုခဒဂုံအိမ်ရာမှ အခန်း ၆၀၀ အတွက် နေထိုင်ခွင့်ရသူများကို ရွေးချယ်မည်


(ပြည်တွင်း) အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်မှာ ဆောက်လုပ်နေတဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာ ထပ်မံပြီးစီးပြီး နေထိုင်နိုင်မယ့် အခန်း ၆၀၀ အတွက် ငှားရမ်းနေထိုင်ခွင့်ရရှိသူတွေကို မကြာမီရွေးချယ်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြ နှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာန(ရန်ကုန်)ကနေ အသိပေး ထုတ်ပြန်ထားပါတယ်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းတွေကိုတော့ နေရေးအခက်အခဲရှိတဲ့ပြည်သူတွေ အငြိမ်းစားဝန်ထမ်းတွေနဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းတွေကို သတ်မှတ်ငှားရမ်းခနှုန်းထားနဲ့ ငှားရမ်းနေထိုင်ခွင့်ပြုမယ်လို့ ကြေညာထားပြီး ဖြစ်ပါတယ်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာ တတိယအဆင့်အတွက် အိမ်ခန်းတွေ ငှားရမ်းနေထိုင်ခွင့် လျှောက်ထားနိုင်ကြောင်း ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက ကြေညာခဲ့ပြီးဖြစ်သလို ဒုတိယအဆင့်မှာ မဲပေါက်ထားသူတွေ အိမ်လခပေးသွင်းတာနဲ့ စာချုပ်ချုပ်ဆိုတာတွေကိုလည်း ပြီးခဲ့တဲ့မေလအတွင်းက ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ အခန်းတွေရဲ့ တစ်လငှားရမ်းခနှုန်းထားတွေက ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ် နဲ့ စတုတ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြစ်တယ်လို့ ကနဦးကြေညာထား ချက်အရ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN