(မိုးလေဝသ) မေ ၃၀
ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေတွေ ဆက်လက်မြင့်တက်လာနိုင်တာကြောင့် မြစ်ရေတိုးလာမှုကို သတိပြုကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၂၈ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ မေလ ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်တိုင်းထွာချက်အရ အဲဒီမြို့မှာ ၁၉ ပေ၃ လက်မ(၅၈၈ စင်တီမီတာ) ကို ရောက်ရှိခဲ့ပြီး ၃၆ နာရီအတွင်း ၁၀ ပေခန့် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါမြစ်ရေဟာ နောက် ၇ ရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့ နဲ့ မြင်းမူမြို့တို့မှာ ၆ ပေကနေ ၈ ပေခန့်၊ နောက် ၈ ရက်ကနေ ၁၁ ရက်အတွင်း ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေးနဲ့အောင်လံမြို့တို့မှာ ၈ ပေကနေ ၁၀ ပေခန့်၊ နောက် ၁၁ ရက်ကနေ ၁၃ ရက်အတွင်း ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ၆ ပေကနေ ၇ ပေခွဲခန့် လက်ရှိရေမှတ်တွေအထက် မြင့်တက်လာ နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့မှာ မေလ ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ အဲဒီမြို့မှာ ၁၆ ပေ ၅ လက်မ (၅၀၂ စင်တီမီတာ) ကို ရောက်ရှိခဲ့ပြီး ၃၆ နာရီအတွင်း ၁၃ ပေခန့် မြင့်တက်ခဲ့တယ်လို ဆိုပါတယ်။
အဲဒီမြစ်ရေဟာ နောက် ၄ ရက်အတွင်း ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နဲ့ မော်လိုက်မြို့တွေမှာ ၁၀ ပေကနေ ၁၁ ပေခန့်၊ နောက် ၄ ရက်ကနေ ၆ ရက်အတွင်း ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တွေမှာ ၈ ပေကနေ ၁၀ ပေခန့်အထိ လက်ရှိ ရေမှတ်တွေ အထက် မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Telegram>>…
https://t.me/positiveanglenews