မကွေးအခြေစိုက် “ဏဘယံ ” လူမှုကူညီရေးအသင်းဥက္ကဌ အသတ်ခံရ


(ပြည်တွင်း) ဧပြီ ၉

မကွေးတိုင်း၊ မကွေးမြို့အခြေစိုက် “ဏဘယံ ” သွေးကူညီမှူအသင်း ဥက္ကဌဖြစ်သူကို ဓား​​ဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်ခံခဲ့ရသည့်အပြင် ဆိုင်ကယ်လည်း ပျောက်ဆုံးနေ​​ကြောင်း သိရသည်။

ယမန်နေ့ နံနက်၇နာရီကျော်အချိန်ခန့်တွင် သတ်ဖြတ်ခံထားရသည့် “ဏဘယံ “သွေးကူညီမှူအသင်း၏ ဥက္ကဌ ဦးရန်အောင် ရုပ်အလောင်းကို မကွေးမြို့ ၊ သင်ကြားရေးဆေးရုံလမ်း အရှေ့ဘက်ခြမ်းယာတောထဲတွင် တွေ့ရှိခဲ့ရ​​ခြင်းဖြစ်ပြီး ခန္ဓာကိုယ်မှာ ဓားဒဏ်ရာ အချက်ပေါင်း ၆၀ ခန့် တွေ့ရကြောင်း ဒေသခံ လူမှုကူညီရေး အသင်းတွေဆီမှ သိရပါသည်။

“ဘယ်လိုရန်ငြိုးနဲ့လုပ်သွားလဲ စဥ်းစားမရဘူး ဓားဒဏ်ရာကအချက် ၆၀ လောက်ကြီးများတောင်ဗျာ၊ မနေ့က ညပိုင်းမှာ သွေးလိုလို့ဆိုပြီး ခေါ်လို့ပါသွားရာကနေ ခုမနက် ယာခင်းထဲ အလောင်းတွေ့ရတာပါ၊ တော်တော်ရက်စက်လွန်းပါတယ် ” လို့ မကွေးမြို့ အခြေစိုက် လူမှုကူညီရေးသင်းဝင် တစ်ဦးက​ပြောသည်။

အသတ်ခံခဲ့ရသည့် “ဏဘယံ” သွေးကူညီမှုအသင်းဥက္ကဋ္ဌဖြစ်သူသည် မကွေးမြို့၊ ရွာသစ် ၁၈ လမ်းတွင် နေထိုင်သူဖြစ်ပြီး သူနဲ့အတူပါသွားသည့် ဆိုင်ကယ် ၊ ဖုန်း နှင့် ရွှေထည် ပစ္စည်းလည်း ပျောက်ဆုံး နေကြောင်း သိရသည်။

အသင်းဥက္ကဌ ရုပ်အလောင်းအား စစ်ဆေးမှုတွေပြုလုပ်ရန် မကွေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထား​​​ကြောင်း၊ အသတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး လာရောက်ခေါ်ဆောင်သွားသူများကို သက်ဆိုင်ရာ ရဲစခန်းတာဝန်ရှိသူမှ လိုက်လံရှာဖွေနေပြီး လိုအပ်တဲ့စစ်ဆေးစုံစမ်းမှုတွေလုပ်နေကြောင်း သိရသည်။

PAN