ငပလီကမ်းခြေ အဘဲရွာတွင် Camping Site တစ်ခု အကောင်အထည်ဖော်လျက်ရှိ

အောက်တိုဘာ ၂၉

       ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ငပလီကမ်းခြေရှိ အဘဲကျေးရွာတွင် တောင်ပေါ်ရှုခင်း ကြည့်နိုင်သည့် ပထမဆုံး Camping Site အသစ်တစ်ခုကို စက်တင်ဘာလမှစတင်၍ အကောင်ထည်ဖော်လျက်ရှိကြောင်း သိရပါသည်။ လက်ရှိတွင် Camping Site အသစ် အကောင်ထည်ဖော်နေသည့်နေရာ၌ ရွက်ဖျင်တဲ ၄ လုံး တည်ဆောက်ထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရခိုင်ပြည်နယ် ငပလီဇုန်)က ဆိုပါသည်။

      အဆိုပါ Camping Site မှာ ငပလီတွင် ပထမဆုံးပေါ်ပေါက်လာမည့် Camping Site တစ်ခုဖြစ်ပြီး ခရီးသည် ၅ ဦး တစ်ဖွဲ့နှုန်းနှင့် ၄ ဖွဲ့ နားနေနိုင်မည် ဖြစ်ကြောင်းနှင့် သွားရောက်လိုသူများအတွက် ငပလီကမ်းခြေ ဟိုတယ်ဇုန်မှ အဘဲကျေးရွာအထိ အကြိုအပို့ စီစဉ်ပေးထားကြောင်း ငပလီဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

     အဆိုပါ Camping Site ကို Mini Camping ပုံစံဖော်ဆောင်ထားပြီး လင့်စင်၊ ရွက်ဖျင်တဲ၊ ဒန်း၊ ဝါးထိုင်ခုံများနှင့် အနားယူအပန်းဖြေနိုင်ရန် ထည့် သွင်း စီစဉ်ထားကာ ခရီးစဉ်အတွင်း ငါးမျှားခြင်း၊ တောင်ပေါ်ရှုခင်းကြည့်ခြင်း၊ အဘဲရွာ ကို လေ့လာခြင်းအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်းလည်း သိရပါသည်။

       လက်ရှိတွင် ငပလီကမ်းခြေ ဟိုတယ်ဇုန်၌ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာ အလုံး ၅၀ ခန့်ရှိပြီး လာရောက် လည်ပတ်သည့် ခရီးသွားများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရပါသည်။

#PAN