ကျောက်တံခါးမြို့နယ် သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား ရထားလမ်းအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု ထပ်မံကျူးလွန်၊ ရထားလမ်းပျက်စီး၍ ခရီးစဉ်များ ကြန့်ကြာမှုဖြစ်ပွားခဲ့

အောက်တိုဘာ ၂၆

     ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူ ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်များဖြစ်သည့် သီတင်း ကျွတ်ပွဲတော်ကာလအတွင်း ရထားစီးခရီးသွားပြည်သူများ အဆင် ပြေစွာသွားလာနိုင်ရေးအတွက် ပုံမှန်ပြေးဆွဲလျက်ရှိသည့် ရထားများအပြင် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန် – ပြည်နှင့် ရန်ကုန်-ပုဂံ အထူးရထားများကို ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

         မြန်မာ့မီးရထားအနေဖြင့် နေ့စဉ်လူစီးရထားများ၊ ကုန်ရထားများကို ပုံမှန်ပြေးဆွဲလျက်ရှိရာတွင် အောက် တိုဘာ ၂၄ ရက် ည ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် ရန်ကုန် – မန္တလေးရထားလမ်းပိုင်း ပဲခူးတိုင်းဒေသကြီး၊ကျောက် တံခါးမြို့နယ်၊သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ်(၁၀၄/၀-၁) ကြား တံတားအမှတ် (၁၄၆ နှင့် ၁၄၇) အနီး၌ ရထားလမ်းများအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးမှုကို ထပ်မံကျူးလွန်ခဲ့သဖြင့် ရထားပြေးဆွဲနေသောအဆန်ရထားလမ်းနှင့် ပြန်လည်အဆင့်မြှင့် တည်ဆောက်နေသော အစုန်ရထားလမ်းတို့တွင် တပ်ဆင်ထားသည့် သံလမ်းသစ်များ တစ်ပေခွဲစီခန့် ပြတ်တောက်၍ လေးပေစီခန့် ကွေး ကောက်ပျက်စီးခြင်းနှင့် ကွန်ကရစ်ဇလီဖားတုံးများ ပျက်စီးခဲ့သည်။

       အဆိုပါ ပျက်စီးမှုကြောင့် အောက်တိုဘာ ၂၄ ရက် ညနေပိုင်းတွင် မန္တလေးမှ ရန်ကုန်သို့ ပုံမှန်ထွက်ခွာလာသော အမှတ်(၆)အစုန်အမြန်ရထားသည် ယနေ့ နံနက် ၃ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းဘူတာတွင် လည်းကောင်း၊ အမှတ် (၄)အစုန်ရထားသည် နံနက် ၄ နာရီ မိနစ်၂၀ ခန့်တွင် ကညွတ်ကွင်းဘူတာတွင်လည်းကောင်း ခေတ္တရပ်နားထားခဲ့ရသည်။ ထို့အတူ ရွာသာကြီး – မြစ်ငယ် – ရွာသာကြီး ခရီးစဉ်ပြေးဆွဲလျက်ရှိသည့် ကုန်သေတ္တာရထား နှစ်စင်းတို့သည်လည်း ပြွန်တန်ဆာဘူတာနှင့် အိမ်ခြေလေးဆယ်ဘူတာတို့၌ ခေတ္တရပ်နား ထားခဲ့ရသည်။

       ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ဌာနဆိုင်ရာ တာ ဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ သွားရောက်စစ်ဆေးခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများကလည်း ပျက်စီးသွားသော ရထားလမ်းအား ပြန်လည်မွမ်းမံပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီခွဲခန့်တွင်ပြီးစီးခဲ့သဖြင့် ခေတ္တရပ်နားထားရသော ရထားများ ပုံမှန်ပြန်လည်ပြေးဆွဲလျက်ရှိသည်။

        ဤသို့ ရထားလမ်း ဖျက်ဆီးခံရသဖြင့် မိုင်းရှင်း လင်းခြင်း၊ ပြန်လည်မွမ်းမံပြင်ဆင်ရခြင်းတို့ကြောင့် လူစီးအမြန်ရထား နှစ်စင်းတို့မှ ခရီးသည် ၁၂၀ ခန့်နှင့် ကုန်ရထားခရီးစဉ်များ လမ်းခရီး၌ ကြန့်ကြာမှုနှင့် အခက်အခဲများကို ကြုံတွေ့ခဲ့ကြရသည်။

        PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခု အချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ရက် တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ် မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ တွေ့ရှိခြင်း ၁၂၈ ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၄၅ ကြိမ်၊ ဘူတာအဆောက်အအုံနှင့်ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၂ကြိမ်ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။

       နိုင်ငံတော်အစိုးရ အနေဖြင့်အများပြည်သူ ခရီး သွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့ မြန်ဆန်စေရေးအတွက် ရထားလမ်း အခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်း ချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက် ရှိသော် လည်း အကြမ်းဖက်သမားများက နိုင်ငံတော်ပိုင် ရထားစက်ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန် စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူ များ အသက်အန္တရာယ်ထိခိုက်ပြီး ရထားဖြင့် ခရီး သွားလာမှု မပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့ အပြင် ရန်ကုန် – မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေရေး ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ်ကျူး လွန်နေကြသောကြောင့် အဆိုပါ အကြမ်းဖက်သမားများအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း သိရသည်။

#PAN