၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင်မြန်မာအသင်း အာရှထိပ်သီး ဂျပန်နှင့် စတင်ကစားရမည်

အောက်တိုဘာ ၁၉

      ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ပထမအဆင့်ခြေ စစ်ပွဲများမှာ အောက်တိုဘာ ၁၇ ရက်က ကျင်းပပြီးစီးသွားပြီဖြစ်သောကြောင့် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုအဆင့် တက်ရောက်သည့်အသင်းများ စုံလင်စွာထွက်ပေါ်လာပြီး မြန်မာအသင်းသည် အာရှထိပ်သီး ဂျပန်အသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။

      မြန်မာအသင်းသည် ပထမအဆင့်ခြေစစ်ပွဲတွင် မကာအိုအသင်းကို ကျော်ဖြတ်ပြီးနောက် ဒုတိယအဆင့်ခြေစစ်ပွဲတွင် အုပ်စု(B)၌ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားတို့နှင့် ကျရောက်ခဲ့သည်။

      ဒုတိယအဆင့်အုပ်စုများကို ပထမအဆင့် ခြေစစ်ပွဲမဲခွဲကတည်းက တစ်ပေါင်းတည်း ရေးဆွဲထားခြင်းဖြစ်ပြီး အုပ်စု (A) တွင် ကာတာ၊ ကူဝိတ်၊ အိန္ဒိယ၊ အာဖဂန်နစ္စတန်၊ အုပ်စု (B) တွင် ဂျပန်၊ ဆီးရီးယား၊ မြောက်ကိုရီးယား၊ မြန်မာ၊ အုပ်စု (C) တွင် တောင်ကိုရီးယား၊ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ အုပ်စု (D) တွင် အိုမန်၊ ကာဂျစ္စတန်၊ မလေးရှား၊ တရုတ်(တိုင်ပေ)၊ အုပ်စု (E) တွင် အီရန်၊ ဥဇဘက်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ ဟောင်ကောင်၊ အုပ်စု (F) တွင် အီရတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အုပ်စု (G)တွင် ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ တာဂျစ်ကစ္စတန်၊ ပါကစ္စတန်၊ အုပ်စု (H) တွင် ယူအေအီး၊ ဘာရိန်း၊ ယီမင်၊ နီပေါ၊ အုပ်စု (I) တွင် သြစတြေးလျ၊ ပါလက်စတိုင်း၊ လက်ဘနွန်နှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ပါဝင်နေသည်။

ယှဉ်ပြိုင်ကစားရမည်

       ဒုတိယအဆင့်အုပ်စုပွဲများကို ၂၀၂၃ ခုနှစ် နိုဝင် ဘာလမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ် သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် နိုဝင်ဘာ ၁၆ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ နိုဝင်ဘာ ၂၁ ရက်တွင် မြောက်ကိုရီးယားအသင်းနှင့် အိမ်ကွင်း၊ မတ် ၂၁ ရက်တွင် ဆီးရီးယားအသင်းနှင့် အိမ်ကွင်း၊ မတ် ၂၆ ရက်တွင် ဆီးရီးယားအသင်းနှင့် အဝေးကွင်း၊ ဇွန် ၆ ရက်တွင် ဂျပန်အသင်းနှင့် အိမ်ကွင်း၊ ဇွန် ၁၁ ရက်တွင် မြောက်ကိုရီးယားအသင်းနှင့် အဝေးကွင်း ယှဉ် ပြိုင်ကစားရမည် ဖြစ်သည်။