တာချီလိတ် မြို့နယ်တွင်း လမ်းဆုံ၊လမ်းကြား ၊မီးပွိုင့်နေရာများတွင် ငွေတောင်းရမ်းနေသည့်သူများအား ပညာပေး ခေါ်ယူပြောဆိုကာ နေရပ်သို့ပြန်နိုင်ရန် စီစဉ်

အောက်တိုဘာ ၁၁

      ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းဆုံ၊လမ်းကြား ၊ မီးပွိုင့် စသည့်နေရာများ၌ လူလတ်ပိုင်းအရွယ် ကျား / မ ကျောင်းနေအရွယ်ကလေးသူငယ်များ အုပ်စုလိုက်တောင်းရမ်းစားနေသူ ၆၈ ဦးကို မြိုယ်နယ် စည်ပင်သာယာရေးဌာန၏ အကူအညီနှင့် လိုက် လံခေါ်ယူကာ ပညာပေးဟောပြော၍ နေရပ်သို့ ပြန်နိုင်ရန် ကားစီစဉ်ပေးခြင်း၊ အသေးသုံးစားရိတ်ထောက်ပံ့ပေးခြင်းတို့ကို ယမန်နေ့ ညနေပိုင်းအောင်မြတ်ခန်းမတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ ငွေတောင်းရမ်းနေသည့်သူများအား ပညာပေး ခေါ်ယူပြောဆိုကာ နေရပ်ပြန်ပို့ရေးကို တာချီလိတ်မြို့နယ် လားဟူစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ဦးဝီလ်ဆင်မိုး၊အာခါစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ ဦးလောတာနှင့် စည်ပင်သာယာရေး ဌာနမှ အမှု ဆောင်အရာရှိ ဦးကျော်မင်းထိုက် ၊လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန၊မြို့နယ် ထွေအုပ်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များပူး ပေါင်းကာ လုပ်ဆောင်ခြင်းဖြစ်သည်။

        ” မကောင်းတဲ့အကျင့်စရိုက်ကိုရှောင်ပြီး ကိုယ့် အားကိုယ်ကိုးတတ်စေဖို ရည်ရွယ်​ပြီး ယခုလို စီစဉ်ရခြင်း ဖြစ်ပါတယ် ” ဟု ထိုအဖွဲ့ပါဝင်လုပ်ဆောင်သူ တစ် ဦးက ဆိုပါသည်။

        ၎င်း တောင်းရမ်းစားသူ ၆၈ ဦးကို လူမှုဘဝအသိပညာပေးခြင်း၊ ကလေးသူငယ်ကာကွယ် ခြင်းဆိုင်ရာ ဥပဒေအကြောင်း ဟောပြောခြင်း နှင့်အစာ အာဟာရ ဖြည့်စွက်ကျွေးမွေးခြင်း၊ အိမ်ပြန်အသေး သုံးငွေများကူညီပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

        ပထမအသုတ်အနေနှင့် မြို့နယ်တွင်း တောင်ရမ်းစားသောက်သူ ၄၁ ဦးအား ယမန်နေ့ ၄ နာရီအချိန်ခန့်တွင် ရွှေရေကန် Express ကားကြီးဖြင့် မိုင်းဖြတ် – ကျိုင်းတုံ – တုံတာအထိ ပို့ဆောင် ပေးစေခဲ့ပြီး ၊ ကျန်သည့် ၂၇ ဦးကိုလည်း ဆက်လက်ပို့ ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN