အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ဂါဇာကမ်း မြောင်ဒေသတွင် လူပေါင်း ၁၂၃၀၀၀ ကျော် ပြည်တွင်းနေရပ်ရွှေ့ပြောင်းခဲ့ရ

အောက်တိုဘာ ၁၁

       အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာကမ်း မြောင်ဒေသတွင် လူပေါင်း ၁၂၃၀၀၀ ကျော် ပြည်တွင်း နေရပ် ရွှေ့ပြောင်းခဲ့ရကြောင်း၊ ကုလ သမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက အောက် တိုဘာ ၉ ရက်နေ့တွင် ပြောကြားသည်။

        အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများနှင့်
ပစ်ခတ်မှုများကြောင့် ဂါဇာစီးတီးရှိ နေအိမ်များနှင့် တိုက်ခန်းအဆောက်အအုံများကို ထိခိုက်ခဲ့ကာ ကျန်းမာရေးဝန်ထမ်းခြောက်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိကာ ကျန်းမာရေးစောင့်ရှောက်မှုဌာန ခုနစ်ခုနှင့် အရေးပေါ်လူနာတင်ယာဉ်ကိုးစီး ပျက်စီးခဲ့ကြောင်း ၎င်းရုံးမှသိရသည်။

        ဂါဇာကမ်းမြောင်ဒေသရှိ ဓာတ်အားပေးစက်ရုံသည် ယခုအခါ တစ်ခုတည်းသော လျှပ် စစ်ဓာတ်အား အရင်းအမြစ်ဖြစ်လာပြီး ရက်ပိုင်းအတွင်း လောင်စာကုန်သွားနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီက အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ထက်ဝက်ကျော်သည် စာသင်ကျောင်းများတွင် ခိုလှုံနေကြရသည်ဟု ခန့်မှန်းထားသည်။ ထို့ပြင် ဂါဇာဒေသရှိ ရွှေ့ ပြောင်းဒုက္ခသည်များနှင့် ဒေသခံများအတွက် ငွေသားအကူအညီ လိုအပ်နေသည်။

       ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် ဂါဇာရှိ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များအတွက် မုန့်နှင့်စည်သွပ်အစားအစာများကို ဝေမျှခဲ့ကြောင်း ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဗင်ဒူဂျာရစ်က ပြောကြားခဲ့သည်။ လာမည့်ရက်အနည်းငယ်အတွင်း ဒုက္ခ သည်များကို စားနပ်ရိက္ခာနှင့် ငွေသားအကူအညီ စတင်ပေးအပ်ရေး WFP မှ စီစဉ်နေသည်။

        ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ
ဂါဇာကမ်းမြောင်သို့ ဝင်ရောက်မှု လွယ်ကူစေရမည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရပ်စ်က ထပ် လောင်းပြောကြားသည်။ “ဂါဇာကမ်းမြောင်မှာ ပိတ်မိပြီးအကူအညီမဲ့နေတဲ့ ပါလက်စတိုင်းအရပ်သားတွေကို လူသားချင်းစာနာတဲ့အကူအညီတွေ အမြန်ဆုံးပေးအပ်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ကုလသမဂ္ဂကိုဝင်ခွင့်ပေးဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေကို ချက်ချင်းစုစည်းပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်း ကို မေတ္တာရပ်ခံပါတယ်”ဟု ၎င်းကဆက်လက်ပြောကြား သည်။

        ဂါဇာကမ်းမြောင်ဒေသရှိ အိုးအိမ်မဲ့မိသားစုများ ခိုလှုံရာ ကျောင်းတစ်ကျောင်း ပျက်စီးခဲ့ပြီး ၂၂၅ ဦးခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ၏ ပြောရေးဆိုခွင့်ရှိသူ ဒူဂျာရစ်က မှတ်ချက်ပြုပြောကြားသည်။