အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့ လက်ရှိ ဖြစ်ပွားနေသော စစ်ပွဲနှင့်ပတ်သက်၍ အစ္စရေးနိုင်ငံ၊ တဲလ်အဗီမြို့ရှိ မြန်မာသံရုံးမှ အသိပေးကြေညာချက် ထုတ်ပြန်

အောက်တိုဘာ ၉

       အစ္စရေးနိုင်ငံတွင်း အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဂါဇာကမ်းမြှောင်ဒေသရှိ
ဟားမတ်စ်အကြမ်းဖက်အဖွဲ့၏ ရုတ်တရက် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများကြောင့် လက်ရှိဖြစ်ပွားနေသော စစ်ပွဲနှင့်ပတ်သက်၍ အစ္စရေးနိုင်ငံ၊ တဲလ်အဗီမြို့ရှိ မြန်မာသံရုံးမှ အသိပေးကြေညာချက် ထုတ်ပြန်ထားကြောင်း သိရပါသည်။

        အဆိုပါ အသိပေးကြေညာချက်တွင် လက်ရှိ
ဖြစ်ပွားနေသော စစ်ပွဲအတွင်း ပြည်ပနိုင်ငံသားအချို့ ထိခိုက်ဒါဏ်ရာရရှိခြင်း၊ သတ်ဖြတ်ခံရခြင်းများ ရှိနေကြောင်း ကြားသိရပြီး၊ ဟားမတ်စ်အကြမ်းဖက်အဖွဲ့သည် ပြည်ပနိုင်ငံအချို့မှ နိုင်ငံသားများကို ဓါးစာခံအဖြစ် ပြန်ပေးဆွဲထားခြင်းများ ဖြစ်ပွားလျက်ရှိနေကြောင်း၊ အစ္စရေးနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲ တစ်စုံ တစ်ရာ ကြုံတွေ့နေရခြင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် နေရပ်ပြန်လိုသူများ ရှိပါက မြန်မာသံရုံး၊ တဲလ်အဗီးမြို့သို့ အလွယ်တကူ ဆက်သွယ်နိုင်ရန် ရုံးဖုန်း- (၉၇၂) (၃) ၅၁၇၀၇၆၀၊ (၉၇၂) (၃) ၅၁၆၃၃၆၄၊ Hot line – ၀၅၈ ၇၈၉၉၁၇၇၊  ဝ၅၈ ၄ဝ၈၁၃၄၇ များသို့လည်း ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြပါရှိပါသည်။

      ထို့အပြင် အစ္စရေးနိုင်ငံတွင်း လက်ရှိ ဖြစ်ပွားနေသော အခြေအနေအရ အစ္စရေးနိုင်ငံ
Home Front Command ၏ မစ်ဆိုင်းလ်အချက်ပေးသံများနှင့် လိုက်နာရမည့် လမ်းညွှန်ချက်များအတိုင်း အချိန်နှင့်တပြေးညီ သိရှိလိုက်နာ ဆောင်ရွက်နိုင်ကြပါရန် အသိပေးထုတ်ပြန်ထားကြောင်း သိရပါသည်။

      ” စနေ တစ်ရက်ပဲ နေ့ ည ရော့ကက်ပစ်တာ၊ သံရုံးများရှိတဲ့ တဲလ်အဗီးက ခံရတယ်၊ အစ္စရေးရောက် မြန်မာနိုင်ငံသားအားလုံး ဘေးရန်ကင်းရှင်းပါတယ်၊ ဂါဇာနဲ့ နယ်စပ်ပတ်ဝန်းကျင်မှာပဲလက်ရှိ ဖြစ်ပွားနေတာပါ၊ စနေညမှာ အစ္စရေးက အသက် ၄၀ အောက် သူ့ရဲ့အရန်တပ်အားလုံးကို ဆင့်ခေါ်ပြီး တပ်အသင့်ပြင်ထားလိုက်ပါတယ်၊ နောက်နေ့တွေမှာ ဂါဇာကို သူတို့ အပြတ်ချေမှုန်း တော့မယ်၊ ဂါဇာဝန်းကျင်မှာ ရှိသော ပါလက်စတိုင်း လူထု မထိခိုက်အောင် ၂၄ နာရီ အတွင်းပြောင်းရွှေ့ဖို့ အစ္စရေးက အချိန်ပေးထားတယ်၊
နီပေါ အလုပ်သမား ၁၀ ဦး သေပြီး၊ ထိုင်းအလုပ်သမား ၁၂ ဦးလောက် ဒါဏ်ရာရတယ်၊ အဖမ်းခံထားရတာတွေ လည်းရှိပါတယ်၊ မြန်မာ အားလုံး ဘေးကင်းကြပါတယ် ” ဟု တဲလ်အဗီးမြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူ သံရုံးအရာရှိ တစ်ဦးက PAN သို့ ပြောကြားလာပါ သည်။

#PAN