အစ္စရေးကိုတိုက်ခိုက်ရာတွင် ဟစ်ဇ်ဘိုလာအုပ်စု ပါဝင်လာ၍ အရှေ့အလယ်ပိုင်းဒေသ တိုက်ပွဲအရှိန်မြင့်လာ

အောက်တိုဘာ ၉

      ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမားစ်နှင့် အစ္စရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ အရှိန်ပြင်းထန်နေပြီး ဟားမားစ်အုပ်စုမှ အောက်တိုဘာ လ ၇ ရက်နေ့တွင် အလစ်အငိုက်ယူကာ တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အချိန်မှစတင်ကာ နှစ်ဖက်စလုံးမှ လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။

       အစ္စရေးနိုင်ငံသား ၂၀၀ ကျော် သေဆုံးခဲ့ကာ နိုင်ငံအတွင်းလူပေါင်း ၁၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ သည်ဟု အစ္စရေးတပ်ဖွဲ့ကပြောသည်။ ဂါဇာကမ်းမြှောင်ဒေသကိုထိန်းချုပ်ထားသည့် ဟားမားစ် တို့က ယခုလိုပြုလုပ်ရန် မဟာဗျူဟာမြောက် ဆုံး ဖြတ်ချက်ချခဲ့ရကြောင်း ပြောသည်။ ဟားမားစ် စစ်သွေးကြွ ရာနှင့်ချီ၍ အစ္စရေးနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက တိုင်းပြည်မှာ စစ်ဖြစ်နေပြီဟုကြေညာခဲ့ပြီး ပြန်လည်လက်တုံ့ ပြန်ရေး အမိန့်ပေးခဲ့သည်။

      အစ္စရေးတိုက်ခိုက်ရေး ဂျက်လေယာဉ်များဖြင့် ဟားမားစ်တို့အမိန့်ပေးရာ စင်တာသုံးခုကို တိုက်ခိုက် ခဲ့သည်ဟု အောက်တိုဘာ ၈ ရက်တွင် အစ္စရေးတပ်ဖွဲ့က ပြောသည်။ လက်တုံ့ပြန်သည့် အနေဖြင့် ဟားမားစ်တို့က အစ္စရေးတောင်ပိုင်း မြို့တစ်မြို့အပေါ် ဒုံးကျည်အစင်း ၁၀၀ ပြန်လည် ပစ်ခတ်ခဲ့သည်ဟု ၎င်းတို့ကပြောသည်။ အစ္စရေး တို့၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၁၃ ဦး သေဆုံး ကာ လူပေါင်း ၂,၀၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဂါဇာ ကျန်းမာရေးအာဏာပိုင်များက ပြောသည်။

        အစ္စရေးနိုင်ငံမြောက်ပိုင်း အိမ်နီးချင်းလက်ဘနွန်တွင် အခြေစိုက်သည့် ဟစ်ဇ်ဘိုလာအုပ်စုသည်လည်း အစ္စရေးနိုင်ငံ မြောက်ပိုင်းရှိ စစ်ဘက်နေရာများကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အောက်တိုဘာလ ၈ ရက် တွင် ကြေညာခဲ့သည်။ ဟစ်ဇ်ဘိုလာအုပ်စု အခြေစိုက်ရာနေရာသို့လည်း အစ္စရေးဘက်မှ ဒရုန်းများဖြင့် ပြန်လည် တိုက် ခိုက်ခဲ့သည်။ ဟစ်ဇ်ဘိုလာအုပ်စုမှသာ တိုက်ခိုက်မှုများပို၍ ပြင်းထန်လာပါက အစ္စရေးနိုင်ငံတောင်ပိုင်းနှင့် မြောက်ပိုင်းနှစ်ခုစလုံး တိုက်ခိုက်ခံရမည်ဖြစ်သည်။ ဒေသတွင်း တင်းမာမှုများပို၍ အရှိန် ကောင်းလာမည်ကို စိုးရိမ်နေကြကြောင်း သိရပါသည်။

#PAN