ဆစ်ခေါင်းဆောင်တစ်ဦး အသတ်ခံရမှုကြောင့် ကနေဒါဘက်က အိန္ဒိယသံသတမန်ကို နှင်ထုတ်မှုအပေါ် အိန္ဒိယဘက်ကလည်း ကနေဒါသံတမန်ကို ပြန်လည်နှင်ထုတ်

PAN စက်တင်ဘာ ၁၉

ကနေဒါနိုင်ငံမှာ ဆစ်ခေါင်းဆောင်တစ်ဦး အသတ်ခံရမှုမှာ အိန္ဒိယ ထိပ်တန်းထောက်လှမ်းရေးအေးဂျင့် ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲပြီး ကနေဒါနိုင်ငံကနေ အိန္ဒိယသံသတမန်ကို နှင်ထုတ်ခဲ့တာကြောင့် အိန္ဒိယနိုင်ငံကလည်း ကနေဒါသံတမန်ကို ပြန်လည်နှင်ထုတ်ပြီး တုံ့ပြန်လိုက်တယ်လို့ သိရပါတယ်။

ကနေဒါနိုင်ငံသားတစ်ဦးဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် ဆစ်ခ်ခွဲထွက်ရေးအဖွဲ့ ခေါင်းဆောင် Hardeep Singh Nijjar ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က ကနေဒါနိုင်ငံ၊ ဗင်ကူးဗားမြို့ပေါ်က၊ ဆင်ခြေဖုံးရပ်ကွက်တစ်ခုရဲ့ ဆစ်ခ်ဘုရားကျောင်းအပြင်ဘက်မှာ ပစ်သတ်ခံလိုက်ရတာဖြစ်ပါတယ်။

“ကနေဒါနိုင်ငံသားတစ်ဦးကို သတ်ဖြတ်မှုမှာ ပြည်ပအစိုးရတစ်ရပ် ပါဝင်ပတ်သက်နေမှုဟာ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို လက်ခံနိုင်စရာမရှိအောင် ချိုးဖောက်စော်ကားတာဖြစ်တယ်”လို့ ကနေဒါဝန်ကြီးချုပ် Justin Trudeau က စက်တင်ဘာ ၁၈ ရက်နေ့က အရေးပေါ်လွှတ်တော် အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး ပြောဆိုလိုက်တာဖြစ်တယ်လို့ ရိုက်တာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဆစ်ခ်ခေါင်းဆောင် ပစ်သတ်ခံရမှုကိစ္စနဲ့ပတ်သက်လို့ ကနေဒါနိုင်ငံက အိန္ဒိယနိုင်ငံခြားထောက်လှမ်းရေး အေဂျင်စီ၏ အကြီးအကဲဖြစ်သူကို နှင်ထုတ်ခဲ့တဲ့လုပ်ရပ်ဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာဖြစ်တာကြောင့် အိန္ဒိယက ကနေဒါသံတမန်တစ်ဦးကိုလည်း နိုင်ငံကအတွင်း ၅ ရက်အတွင်း ထွက်ခွာပေးဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ ရက်စွဲနဲ့ အမိန့်ပေးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ကနေဒါသံတမန်တွေရဲ့ ဝင်ရောက်စွက်ဖက်မှု အခြေအနေတွေနဲ့ အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ သူတို့ရဲ့ ပါဝင်ပတ်သက်မှု အခြေအနေတွေအပေါ် အိန္ဒိယအစိုးရရဲ့ စိုးရိမ်မှုတွေ မြင့်တက်လာနေတာကို ထင်ဟပ်စေပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

PAN

အပြန်အလှန်နှင်ထုတ်

သံတမန်များ

ဆစ်ခ်ခေါင်းဆောင်သေဆုံးမှု

အိန္ဒိယ #ကနေဒါ