ကုန်သေတ္တာ/အလုံပိတ်ယာဉ်များနဲ့ သယ်ယူပို့ဆောင်ရာမှာ စောင့်ကြည့်စစ်ဆေးတဲ့ E-Lock စနစ် လုပ်ငန်းစတင်

စက်တင်ဘာ ၁၉

       ကုန်သေတ္တာ(Container)/အလုံပိတ်ယာဉ်(Box Truck)များနှင့် ကုန်ပစ္စည်းများ သယ် ယူပို့ဆောင်ရာတွင် စောင့်ကြည့်စစ်ဆေးသည့်စနစ် Logistic Surveillance(E-Lock)လုပ်ငန်းစတင်ခြင်း အခမ်း အနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သီလဝါအထူး စီးပွားရေးဇုန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

       အခမ်းအနားတွင် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အမှာစကားများ ပြောကြားခဲ့ကြပြီးနောက် တာမိုးညဲအုပ်စု ရင်းနှီးမြုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက် တာက ကုန်သေတ္တာ/အလုံပိတ်ယာဉ်များနဲ့ ကုန်ပစ္စည်းများ သယ်ယူ ပို့ ဆောင်ရာတွင် စောင့်ကြည့်စစ်ဆေးသည့်စနစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

      သီလဝါအထူးစီပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ အ‌ကောက်ခွန် ဦးစီးဌာနညွှန်ကြားရေး မှူးချုပ်နှင့် တာမိုးညဲအုပ်စုရင်းနှီးမြုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌတို့က ကုန်သေတ္တာ/အလုံပိတ်ယာဉ်များနှင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် စောင့်ကြည့်စစ် ဆေးသည့်စနစ် လုပ်ငန်းစတင်ခြင်း အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကုန်သေတ္တာအတွင်း ကုန်ပစ္စည်းများထည့်သွင်းခြင်းနှင့် E-Lock ခပ်နှိပ်ပြီးမော်တော်ယာဉ်များ ထွက်ခွာခြင်းတို့ကို ကြည့်ရှုစစ်ဆေးကြပါသည်။

       နိုင်ငံတော်အနေနှင့် E-Lock စနစ်ကိုဆောင် ရွက်အသုံးပြုခြင်းနှင့် သယ်ယူပို့ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်ခြင်း၊ ခရီးစဉ်လမ်း ကြောင်းကို အချိန်မရွေး ပြန်လည်ကြည့် ရှုနိုင်ခြင်း၊ ခရီးစဉ်အရေအတွက် သိရှိနိုင်ခြင်း၊ ကုန်သွယ်မှုလမ်းကြောင်း ကြာမြင့်ချိန်သိရှိနိုင်ခြင်း၊ TradeData စနစ်နှင့် လုံခြုံစွာသိမ်းဆည်းနိုင်ခြင်း၊ E-lock ခပ်နှိပ်ထားခြင်းနှင့် တရားဝင်ကုန်သွယ်မှုဖြစ်ကြောင်း လွယ်ကူစွာသိရှိနိုင်​​ခြင်းတို့ကြောင့် တရားမဝင်ကုန်သွယ်မှုကို တားဆီးထိန်းချုပ်နိုင်ခြင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်တဲ့ အခွန်အခများအပြည့်အဝရရှိစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည့်အပြင် ပုဂ္ဂလိ ကကဏ္ဍအနေနှင့် ကုန်စည်သယ်ယူပို့ဆောင်မှု ပိုမိုမြန်ဆန်ခြင်း၊ လမ်းကြောင်းတစ်လျှောက် ဖွင့်ဖောက်စစ်ဆေးမှုမရှိခြင်းကြောင့် အချိန်ကုန်သက်သာခြင်း၊ ကုန်တင်ယာဉ်တည်နေရာကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်း၊ ကုန်တင်ယာဉ်ရောက်ရှိမည့်အချိန်ကို သိရှိနိုင်ခြင်း၊ ခရီးစဉ်အတွင်းကုန်ပစ္စည်းများ ပျောက်ဆုံးမှု မရှိနိုင်ခြင်း၊ ကုန်ပစ္စည်းအလေအလွင့်နည်းပါးခြင်းနှင့် ကုန်ကျစရိတ်များ သက်သာခြင်းစသည့်အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပါသည်။

       E-Lock စနစ်ကို Phase 1 အနေနှင့် ရန်ကုန်သီလဝါ(SEZ)မှ မြဝတီမြို့သို့ အသွား/အပြန် ကုန်စည်ပို့ဆောင်မှုကို စတင်ဆောင်ရွက်မည်ဖြစ်ပြီး Phase 1 အောင်မြင်ပါက Phase 2 အနေနဲ့ ရန်ကုန်-မြဝတီ အသွား/အပြန်၊ မန္တလေး-မူဆယ်အသွား/အပြန်၊ ရန်ကုန်-မန္တလေး အသွား/အပြန်တို့မှာ အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံအတွင်း E-Lockစနစ် အောင် မြင်စွာဆောင်ရွက်နိုင်ပါက မကြာမီ အကောင် အထည်ဖော် ဆောင်ရွက်မည့် (ASEAN CUSTOMS TRANSIT) အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း နိုင်ငံဖြတ်ကျော်ကာ ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှုလုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါ သည်။