ပြည်ကြီးတံခွန်မြို့နယ်ရှိ ဂိုဒေါင်တစ်ခုမှ မီးကြိုးများကို ဖြုတ်ခိုးယူသူ တရားခံ ၃ ဦးကို ဖမ်းဆီးရမိ၊ကုန်စျေးနှုန်းကြီးမြင့်ခြင်းနှင့် အတူ ခိုးဆိုး လုယက်မှုများ များပြားလာ

စက်တင်ဘာ ၁၉

        ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ငွေတော်ကျီကုန်းရပ်ကွက်တွင် မီးကြိုးများမှ ကြေးကြိုးများကို ဖြုတ်ခိုးယူသူ တရားခံ ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

       အဆိုပါရပ်ကွက်ရှိ ဂိုဒေါင်တစ်ခုမှ လူနေအိပ်ခန်းနှင့် အိမ်သာအခန်းများတွင် သွယ်တန်းထားသော မီးကြိုးများကို အောင်ဥာဏ်ဖြိုး၊ ၂၁ နှစ်၊ (ဘ) ဦးဇော်ဝင်း၊ ဇီးအုပ်ကွက်သစ်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူ၊ စန်းမောင်၊ ၁၇ နှစ်၊ (ဘ) ဦးမိုး၊ နေရပ်တူ၊ သဲကိုကို၊ ၁၅ နှစ်၊ (ဘ) ဦးစိုးကို၊ နေရပ်တူ တို့က ဖြုတ်ယူခဲ့ကြစဥ် ၄၉ လမ်း၊  ၁၂၉ လမ်းပေါ်တွင် ကြေးကြိုးများ နှင့်အတူဖမ်းဆီးမိခဲ့ကြောင်း သိရပါသည်။

      အလားတူ ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃကျွန်းမြို့နယ်၊ သုဝဏ္ဏအကွက်(၂၉)ရှိ နေအိမ်များ တွင် လမ်းမီးတိုင်မှ နေအိမ်အတွင်း ဆွဲထားသော မီးကြိုးများကို ယမန်နေ့ နံနက် ၃ နာရီအချိန်ခန့်က ဖြုတ်ခိုးသွားခဲ့ကြောင်း သိရပါသည်။

      ” မနက်အစောကြီး မီးပျက်သွားတယ်၊ အိမ်ရှေ့အိမ်က မီးမပျက်ဘူး၊ ဒါကြောင့် ထကြည်တော့ မီးကြိုးဖြုတ်ခိုးသွားတာကို သိလိုက်ရတယ်၊ အရင်လတုန်းက ညဘက်ကဘေးအိမ်က မီးကြိုးခိုးခံရတယ်၊ အခု ကျွန်မတို့အိမ်နဲ့ ဘယ်ဘက်က အိမ်က မီးကြိုးတွေ ပါသွားတယ်၊ ခိုးသွားတဲ့သူတွေ ပြန်ရောင်းလို့ရရင် တစ်သိန်းကျော်ပေါ့၊ အခုကျွန်မ ပြန်ဝယ်တပ်ရတာ ၁၅ သိန်းလောက်ကုန်သွားတယ် ” ဟု ၎င်းရပ်ကွက်မှ မီးကြိုး ခိုးခံရသူ အမျိုးသမီးတစ်ဦးက PAN သို့ ပြောပြလာပါသည်။

       ” မနေ့က မီးကြိုးခိုးခံရတဲ့ ဘယ်ဘက်အိမ်က လူမနေတော့ ဒီနေ့ မနက်မှာဘဲ အိမ်ထဲက ပစ္စည်းတွေ အိမ်ဖွင့်ပြီး ခိုးသွားတယ် ” ဟု အဆိုပါအမျိုးသမီးက ထပ်မံပြောပြလာပါသည်။

        ယခုရက်ပိုင်းအတွင်း ကုန်စျေးနှုန်းကြီးမြင့်ခြင်းနှင့် အတူ ခိုးဆိုး လုယက်မှုများ များပြားလာသဖြင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျှက်ရှိကြောင်း သိရပါသည်။

#PAN