လယ်ဝေးမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ဧလာလေ ဆိပ်နှင့် ရန်ကုန် – မန္တလေးလမ်းဟောင်းကြားတွင် ကတ္တရာလမ်းပေါ်ရှိ အက်ကွဲကြောင်းဖြစ်နေသောမြောင်းအတွင်း ဆိုင်ကယ်ဘီး ဝင်သွားပြီး လမ်း ချော်တိမ်းမှောက်မှုဖြစ်ပွား

စက်တင်ဘာ ၁၄

     နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ဧလာလေဆိပ်နှင့် ရန်ကုန် – မန္တလေးလမ်းဟောင်းကြား၊ ရန်ကုန် – မန္တလေးလမ်းဟောင်းမှ ၄ ဖာလုံအကွာနေရာတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က မောင်းနှင်သူတစ်ဦးနှင့် နောက် မှလိုက်ပါလာသူ တစ်ဦး စီးနင်းလာသည် ဆိုင်ကယ်တစ်စီးသည် ကတ္တရာလမ်းပေါ်ရှိ အက် ကွဲကြောင်းဖြစ်နေသောမြောင်းအတွင်း ဆိုင်ကယ်ဘီး ဝင်သွားပြီး လမ်း ချော်ကာ လမ်းဘေးပလက် ဖောင်းကို တိုက်မိပြီး တိမ်းမှောက်ခဲ့ကြောင်း၊ ထိုသို့ ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ဆိုင်ကယ်စီးနင်းလိုက်ပါသူ နှစ်ဦးတွင် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါ သည်။

      ဖြစ်စဥ်မှာ ဦးမြင့်ဆွေ(ဆိုင်ကယ်တက္ကစီဆွဲသူ)၊ ဂုံမင်းအင်းကျေးရွာ၊ဇမ္ဗူသီရိမြို့နယ်နေသူသည် ခရီးသည် မကြည်ပြာလွင်၊သော်မှော်ကုန်းကျေးရွာ၊လယ်ဝေးမြို့နယ်နေသူ ဆိုင်ကယ်နောက်မှ လိုက်ပါလျှက် ပြန်ကပြေးရွာမှ သော်မှော်ကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်ရာ မိုးအနည်းငယ်ရွာလာသဖြင့် အရှိန်ကိုလျော့ ဆိုင်ကယ်ကို မောင်းနှင်စဥ် ဖြစ်စဥ်နေရာအရောက်တွင် ကတ္တရာလမ်းတွင် အက်ကွဲကြောင်းဖြစ်နေ သောမြောင်းအတွင်း ဆိုင်ကယ်ဘီး ဝင်ရောက်သွားပြီး ဘီးချော်ကာ လမ်းဘေးပလက် ဖောင်းကို ဝင်တိုက်ရာမှ ဆိုင်ကယ်တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

      ထိုသို့ ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားသည့်သတင်းအရ ဒို့လယ်ဝေးပရဟိတလူငယ်များအသင်းနှင့် မွန်မြတ်သူလူငယ်ပရဟိတအဖွဲ့ တို့မှ လူနာသယ်ယာဥ်များရောက်ရှိလာပြီး ဆိုင်ကယ်မောင်းနှင်သူ ဦးမြင့်ဆွေကို ဒို့လယ်ဝေးပရဟိတလူငယ်များအသင်း လူနာသယ်ယာဥ်ဖြင့် လယ်ဝေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

     ” ဒီနေရာမှာ ကတ္တရာလမ်းက အက်ကွဲကြောင်းတွေဖြစ်နေတာကြာပြီ၊ ဒီ​နေရာမှာ ဆိုင်ကယ်တွေ အခုလို လမ်းချော်တိမ်းမှောက်တာ ၄ ကြိမ်၊ ၅ ကြိမ်လောက်ရှိနေပြီ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးပြုပြင်ပေးစေချင်ပါတယ် ” ဟု မွန်မြတ်သူလူငယ်ပရဟိတအဖွဲ့ မှ ဦးမြင့်နွယ်က PAN သို့ ပြောပြလာပါသည်။

     အဆိုပါ ကတ္တရာလမ်းတွင် အက်ကွဲကြောင်းဖြစ်နေသော မြောင်းသည် အချိန်ကြာမြင့်လာသည်နှင့်အမျှ ရေစီးအားကြောင်းကြောင့် ဆိုင်ကယ်ဘီးများ ဝင်ဆန့်နိုင်သည့် အကျယ်ခန်ဖြစ်ပေါ်နေကြောင်း သိရပါ သည်။

#PAN