မိဘအိမ် အလည်ပြန်လာသည့် ရဲအုပ်တစ်ဦး လက်ဖက်ရည်ဆိုင် ထိုင်နေစဥ် ဆိုင်ကယ်ဖြင့်ရောက်ရှိလာသည့် အမည်မသိအမျိုးသားနှစ်ဦးက ပန်းစည်းပေးပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး

********************************************

စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့၊ အမှတ်(၈) ရပ်ကွက်၊တပင်ရွှေထီးလမ်းရှိ ဝေယံ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်ထိုင်သောက်နေသည့် ရဲအုပ်တစ်ဦးကို ယနေ့မွန်းလွဲ ၂နာရီ ၄၅မိနစ်အချိန်ခန့်က  လက်ဖက်ရည်ဆိုင်အနီးသို့ ဆိုင်ကယ်ဖြင့်​ရောက်ရှိလာသည့် အမည်မသိအမျိုးသား(၂)ဦးက သေနတ်ဖြင့် (၃)ချက် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ လုပ်​ကြံပစ်ခတ်ခံရသူမှာ ရဲအုပ် အောင်သက်ထွေး ဖြစ်ပြီး လွန်ခဲ့သော ၅ရက်ခန့်ကနေပြည်တော်မှ အပြန်   ယောမင်းကြီးလမ်း၊ အမှတ်(၈)ရပ်ကွက်ရှိ ၎င်း၏မိဘများ နေအိမ်သို့ အလည်ရောက်ရှိခဲ့သူဖြစ်ကြောင်း၊ ၎င်းသည် တပင်ရွှေထီးလမ်းရှိ ဝေယံ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်ထိုင်သောက်နေစဉ် အမည်မသိအမျိုးသား(၂)ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာကြောင်း၊ ဆိုင်ကယ် နောက်တွင် စီးနင်းလိုက်ပါလာသူ အမည်မသိအမျိုးသားမှ  အမွှေးတိုင်ထုပ်(၂)ထုပ် ထည့်သွင်းထားသည့် ပန်းစည်းအား ရဲအုပ် အောင်သက်ထွေးထံ ပေးပြီးနောက် သေနတ်အတို(အမျိုးအစား စိစစ်ဆဲ)ဖြင့် (၃)ချက် ပစ်ခတ်မောင်းနှင်ထွက်ပြေးသွားကြောင်း ၊အခင်းဖြစ်ပွားရာ​နေရာမှ Lugar ကျည်ခွံ(၁)ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ရဲအုပ် အောင်သက်ထွေး၏ ယာဘက်ရင်အုံတွင် ဖောက်ထွက်ဒဏ်ရာ(၁)ချက်(စိုးရိမ်ရ) ရရှိခဲ့ပြီး  အမှတ်(၁) တပ်မတော်ဆေးရုံကြီး(ကုတင်-၁၀၀၀)သို့ ပို့ဆောင်ရာ လမ်းခရီး၌ သေဆုံးသွားခဲ့ပြီး သေနတ်ဖြင့်လာရောက် ပစ်ခတ်သူထွက်ပြေးသွားရာ လမ်းကြောင်း တစ်လျှောက် CCTV မှတ်တမ်း များအား လိုက်လံကြည့်ရှု စစ်ဆေးရှာဖွေလျှက်ရှိကြောင်း သိရရှသည်။

#PAN