အမြန်လမ်းတွင် လမ်းဘေးချရပ်၍ စက်ပြင်နေသောယာဉ်အား အခြားယာဉ်တစ်စီးမှဝင်တိုက်မိရာမှလူသေဆုံး

စက်တင်ဘာ ၁၂

     ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ၊ဒိုက်ဉီးမြို့နယ်၊ ဘောနီအမြန်လမ်းရဲစခန်းအပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး   မိုင်တိုင်အမှတ် ၅၇/၅ နှင့် ၅၇/၆ကြားတွင် ယာဉ်မတော်တဆမှု့ ဖြစ်ပွားကြောင်း သတင်းအရတာ ဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ အခင်းဖြစ်မိုင်တိုင်တွင် ရန်ကုန်ဘက်မှ မောင်းနှင်လာသော ဦးမြင့်လွင်ဦး၊ ၆၂ နှစ်၊(ဘ)ဦးထွန်းအောင်(ယာဉ် မောင်းလိုင်စင်ရှိ)၊ ဇာနည်(၁၀)လမ်း၊(၉)ရပ်ကွက်၊တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင်၎၏ဇနီးဖြစ်သူ ဒေါ်အေးအေးမြင့်၊ ၆၃ နှစ်၊(လိပ်စာတူ)နေသူတို့ လိုက်ပါလာသော YGN/10 6B-6966- Hilux surf အမျိုးအစား(အပြာရောင်)ယာဉ်သည် အခင်းဖြစ်နေရာအရောက် မိုးရွာသွန်းနေစဉ် လမ်းကွေ့ကြော၌ အရှိန်မထိန်းနိုင်ဘဲ  လမ်းယာဘက်ဘေး မြေသားလမ်းပေါ်၌ရှိသော AYY/25 7H/ 3274 Nissan Clipper ခွေးဘီလူး(အဖြူရောင်)ယာဉ်ပျက်နေ၍ တစ်ဦးထဲ ယာဉ်အောက်ထဲဝင်၍ ပြင်နေသော ဦးရွှေဝါအောင်၊ ၃၉ နှစ်၊(ဘ)ဦးထွန်းကျန်၊ဥယျာဉ်စုကျေးရွာ၊ ပျဉ်းမနားမြို့နယ်၊နေပြည်တော်နေသူနှင့် ယာဉ်ပျက်၍ အနီးရှိကျေးရွာမှ လာရောက်ကူညီနေပေးနေသော ကိုဇော်မင်းသန်း၊ ၄၆ နှစ်၊(ဘ)ဦးတင်မြင့်၊ဘောနီကျေးရွာ၊ ဒိုက်ဦးမြို့နယ်နေသူတို့အား Hilux Surfယာဉ်မှ အရှိန်မထိန်းနိုင်ပဲ ဝင်ရောက်တိုက်မိခဲ့သည်။

        ထိုသို့ ယာဥ်တိုက်မှုကြောင့် ယာဉ်အောက်၌ ဝင်၍ပြင်နေသူ  ဦးရွှေဝါအောင်မှာ မျက်နှာယာဘက်နဖူးရိုးကျိုး၊မျက်လုံးနှစ်ခုကြား ဦးခေါင်းခွံရိုးဉကွဲကြေဒဏ်ရာဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ယာဉ်အားလာရောက်ကူညီပြင်ပေးနေသူ ကိုဇော်မင်းသန်းတွင် ဦးခေါင်းဝဲဘက်နားအောက်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာဒူးခေါင်းပေါက်ပြဲဒဏ်ရာ သတိကောင်းစွာမရ(စိုးရိမ်ရ)ဒဏ်ရာတို့ရရှိခဲ့ပြီး ယာဉ်နှစ်စီးမှာပျက်ဆီးခဲ့ရသည်။ သေဆုံးသူနှင့်ဒဏ်ရာရရှိသူတို့အား ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လျှက် ဆေးကုသမှု ခံယူလျှက်ရှိကြောင်းသိရသည်။

           ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယခုနှစ် သြဂုတ်လအတွင်းက သတ်မှတ်အရှိန်နှုန်းထက်ကျော်လွန်မောင်းသဖြင့်  ဖမ်းဆီးအရေးယူမှု ၁၀၁၃ မှု၊ အသက်ကယ်ထိုင်ခုံခါးပါတ်မပတ်သဖြင့်ဖမ်းဆီးအရေးယူမှု ၁၃၇ မှု ၊ယာဉ်မတော်တဆမှု ၉ မှု ၊ လူသေဆုံးမှု  ၃ဦး ၊ ထိခိုက်ဒဏ်ရာရ ၂၉ ဦး၊ ကာလတန်ကြေးဆုံးရှုံးမှု ၁၅၆ သိန်းကျော်ရှိခဲ့ကြောင်းသိရသည်။ အမြန်လမ်းမကြီးတစ်လျှောက်တွင်  အရှိန်နှုန်းတိုင်းတာစက် ၁၈ လုံးဖြင့်  အမြန်လမ်း၏ ၁၁ နေရာတွင်  စောင့်ကြည့်ဖမ်းဆီး ပညာပေးနေကြောင်း သတင်းထုတ်ပြန်ချက်များအရသိရကြောင်း သတင်းရရှိပါ သည်။

#PAN