မန္တလေးရှိ ဂိုဒေါင်တစ်ခုမှ စိတ်ကြွဆေးပြား ၃၃ သိန်းကျော် ကျပ် ၅.၀၂၅ ဘီလီယံတန်ဖိုးနှင့်အတူ ထပ်မံဖမ်းဆီးရမိ

(မှုခင်း) နိုဝင်ဘာ ၁၉

ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် မူးယစ်ဆေးဝါးမှု၏ အဓိကစီမံခန့်ခွဲသူ အောင်ဇော်မင်းခန့်၏ ဖော်ထုတ်ချက်အရ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဂိုဒေါင်တစ်ခုအတွင်း သိုဝှက်ထားသည့် စိတ်ကြွဆေးပြား ၃၃.၅ သိန်း၊ ဒေသတန်ဖိုး ကျပ် ၅.၀၂၅ ဘီလီယံကို အမျိုးသမီးနှစ်ဦးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးကွန်ရက်ကို စတင်ဖော်ထုတ်နိုင်ခဲ့ခြင်းမှာ ဇန်နဝါရီ ၁ ရက်က သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က တရားခံနှစ်ဦးထံမှ စိတ်ကြွဆေးပြား ၅၆ သိန်းကို ဖမ်းဆီးရမိခဲ့ရာမှ ဖြစ်သည်။

ယင်းနောက် ကွင်းဆက်ဖော်ထုတ်မှုများအရ တရားခံ ၆ ဦးနှင့်အတူ စိတ်ကြွဆေးပြား ၃.၈ သိန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ကီလိုနှင့် ဘိန်းဖြူ ၁၆.၃၉၆ ကီလိုတို့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရေးကို အဓိကစီမံခန့်ခွဲသူမှာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကံကောက်ရပ်ကွက်နေ အောင်ဇော်မင်းခန့်၊ အသက် ၄၂ နှစ်ဖြစ်ကြောင်း သိရှိရသည်။

၎င်းသည် ထိုင်းနိုင်ငံသို့ ထွက်ခွာတိမ်းရှောင်သွားသဖြင့် သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၄ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဟွိုင်ခွမ်ခရိုင်၌ ဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာ ၃ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း နိုဝင်ဘာ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

အောင်ဇော်မင်းခန့်၏ ဖော်ထုတ်ချက်အရ မူးယစ်ဆေးပြားများကို ဂိုဒေါင်ငှားရမ်း၍ သိုဝှက်သိမ်းဆည်းထားကြောင်း သိရှိခဲ့သဖြင့် နိုဝင်ဘာ ၄ ရက်တွင် ပူးပေါင်းအဖွဲ့က ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်ရှိ ဂိုဒေါင်တစ်ခုကို ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ စိတ်ကြွဆေးပြား ၃၃.၅ သိန်း၊ ဒေသတန်ဖိုး ကျပ် ၅.၀၂၅ ဘီလီယံကို မထက်ထက်အောင်နှင့် မနှင်းနုနုလှိုင်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ အောင်ဇော်မင်းခန့်သည် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေစဉ်အတွင်း မူးယစ်ဆေးဝါးများကို နိုင်ငံဖြတ်ကျော် သယ်ဆောင်ရောင်းဝယ်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်း၏အစီအမံဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နေ အခြားမူးယစ်မှုများဖြင့် အလိုရှိတရားခံပြေး စိုင်းခမ်းပန် (ခ) အားရှင်း (ဖမ်းဆီးရန်ကျန်) က မန္တလေးသို့ ပို့ဆောင်ပေးသည့် မူးယစ်ဆေးဝါးများကို မနှင်းနုနုလှိုင်က လက်ခံကာ ဂိုဒေါင်ငှားရမ်းသိုလှောင်ပြီး တမူးမြို့နေ မဟောက်မန်းကျိန် (ခ) မငယ် (ဖမ်းဆီးရန်ကျန်) နှင့် လာရောက်လက်ခံယူသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့ပြင် မထက်ထက်အောင်သည် မူးယစ်ဆေးဝါးရောင်းဝယ်မှုမှ ရရှိသည့် ငွေကြေးများကို လွှဲပြောင်းလက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မထက်ထက်အောင်နှင့် မနှင်းနုနုလှိုင်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ဖမ်းဆီးရန်ကျန်ရှိသူများအပါအဝင် ကွင်းဆက်ပါဝင်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်လည်း ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN