
(ပြည်တွင်း) နိုဝင်ဘာ ၄
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သွေးရောဂါအထူးကုဌာန၊ ခြင်ဆီအစားထိုးဌာန (Bone Marrow Transplant Center) သို့ တက်ရောက်ခဲ့သည့် ခြင်ဆီကင်ဆာရောဂါ လူနာ ၅ ဦးအား ခြင်ဆီအစားထိုး ကုသခြင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်းမာရေး ပုံမှန်ကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက် ကုသမှုခံယူခဲ့သည့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှ (၅၇) နှစ်အရွယ် အမျိုးသားတစ်ဦး၊ လှိုင်မြို့နယ်မှ (၆၆) နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဟိုပန်မြို့နယ်မှ (၅၄) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ သာကေတမြို့နယ်မှ (၆၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် တောင်ကြီးမြို့နယ်မှ (၅၈) နှစ်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း လူနာ ၅ ဦးတို့အား ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် သူနာပြုများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ခြင်ဆီအစားထိုး ကုသပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကုသမှုခံယူခဲ့သည့် လူနာ ၅ ဦးလုံးမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဆေးရုံမှ အောင်မြင်စွာ ဆေးရုံဆင်းခွင့် ရရှိခဲ့ကြသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခြင်ဆီအစားထိုး ကုသခြင်းကို ၂၀၁၆ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ယခုအချိန်အထိ စုစုပေါင်း လူနာ ၃၈ ဦးအား အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပြီး ပြည်သူများ၏ ကျန်းမာရေး ကုန်ကျစရိတ် သက်သာစေရန်အတွက် အဆိုပါ ကုသမှုများကို ပြည်တွင်း၌ပင် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။