


(ပြည်တွင်း) နိုဝင်ဘာ ၄
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် နိုဝင်ဘာလ ၃ ရက် မွန်းလွဲပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး General Khamlieng Outhakayson အား ကာကွယ်ရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) တို့ တက်ရောက်ခဲ့ကြပြီး လာအိုဘက်မှ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီးနှင့်အတူ လာအိုပြည်သူ့တပ်မတော်မှ အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ စစ်ဘက်ဆက်ဆံရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအဖြစ် ဆက်ဆံရေး တိုးတက်ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ CLMV အဖွဲ့၊ မဟာမဲခေါင်ဒေသခွဲအဖွဲ့နှင့် ACMECS အဖွဲ့တို့တွင် အဖွဲ့ဝင်နိုင်ငံများအဖြစ် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မဲခေါင်မြစ် လုံခြုံရေးအပါအဝင် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု (Online Scam) များ တိုက်ဖျက်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့် အခြေအနေများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်နှင့်အညီ ချစ်ကြည်ရေး ကောင်းမွန်စွာ ရပ်တည်ဆောင်ရွက်နေမှု၊ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့်အညီ ဟန်ချက်ညီ ဆက်သွယ်ဆောင်ရွက်နေမှုများနှင့် တပ်မတော်အနေဖြင့် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ကာကွယ်စောင့်ရှောက်လျက်ရှိသည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရှိရသည်။