စပါးတင်း ၁၀၀ အခြေခံရည်ညွှန်းဈေး ကျပ် ၁၃ သိန်းခွဲ သတ်မှတ်၊ ဈေးကွက်ပေါက်ဈေးအောက် ကျပါက သတ်မှတ်ဈေးဖြင့် ဝယ်ယူရမည်

(စီးပွားရေး) အောက်တိုဘာ ၂၁

၂၀၂၆ ခုနှစ် မိုးစပါးနှင့် ၂၀၂၇ ခုနှစ် နွေစပါးတို့အတွက် အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အရည်အသွေးသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းဈေးနှုန်းကို ကျပ် ၁၃ သိန်းခွဲ သတ်မှတ်လိုက်ကြောင်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်စေရန် ရည်ရွယ်၍ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတ်မှတ်ထားသည့် အခြေခံရည်ညွှန်းဈေးနှုန်းမှာ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ကာ အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ အတွက် ကျပ် ၁,၃၅၀,၀၀၀ ဖြစ်သည်။

ဈေးကွက်ပေါက်ဈေးသည် သတ်မှတ်ထားသည့် အခြေခံရည်ညွှန်းစပါးဈေးနှုန်းထက် မြင့်မားပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမည်ဖြစ်ပြီး ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းဈေးနှုန်းအောက် ကျဆင်းနေပါက သတ်မှတ်ထားသည့် အခြေခံရည်ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုသတ်မှတ်သည့် အခြေခံရည်ညွှန်းစပါးဈေးနှုန်းသည် ၂၀၂၆ ခုနှစ် မိုးစပါးနှင့် ၂၀၂၇ ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် စပါးရောင်းချရန် အခက်အခဲရှိသည့် တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များထံ ဆက်သွယ်နိုင်သကဲ့သို့ အသင်းချုပ်ရုံးချုပ်၏ ဖုန်းနံပါတ်များဖြစ်သည့် ၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉ နှင့် ၀၁-၂၁၈၂၆၆ တို့ကိုလည်း ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

သတင်းအပြည့်အစုံဖတ်ရန် – https://positiveanglenews.com/2026/10/22/လောင်းရှည်-လှိုင်ဒုတ်-ကျ/

Telegram – t.me/positiveanglenews#PAN