လယ်ဝေးမြို့နယ်၌ ငွေကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

(မှုခင်း) အောက်တိုဘာ ၇

နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ ငွေကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။  

စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ တောင်စင်အေးကျေးရွာအနီး၌ ဘိုသက်နိုင်(ခ)ကိုရင်ကုလား မောင်းနှင်ပြီး စိုးနိုင်နှင့် သိန်းဌေးဦး(ခ)စာကလေးတို့ လိုက်ပါလာသည့် HINO ၁၂ ဘီးမော်တော်ယာဉ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၅ သန်းကျော် (၎င်းဒေသတန်ဖိုး ငွေကျပ် ၇ ဒသမ ၅ ဘီလီယံကျော်) နှင့် ဘိန်းညိုမှုန့် ၂၉၅ ကီလို (၎င်းဒေသတန်ဖိုး ငွေကျပ် ၂ ဒသမ ၆၅၅ ဘီလီယံ) ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ငွေကျပ် ၁၀ ဒသမ ၁၅၅ ဘီလီယံကျော်အား သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ဆောင်ရန် အဓိကစီမံခန့်ခွဲသူမှာ ရှမ်းပြည်နယ်၊ လားရှိုးမြို့နေ အောင်သူထွန်း(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် တရားခံများအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။