ပုဏ္ဏားကျွန်းမြို့နယ်ထဲက AA တွေရှိရာ နေရာတွေကို တပ်မတော်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲ

(ပြည်တွင်း) စက်တင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ရခိုင်လက်နက်ကိုင်အဖွဲ့ AA တွေရှိရာ နေရာတွေကို မြန်မာ့တပ်မတော်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

စစ်တွေနယ်မြို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာနဲ့ အနီးတဝိုက်ကို မြန်မာ့တပ်မတော်ဘက်က ဂျက်တိုက်လေယာဉ်တွေ အုပ်စုလိုက်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မြန်မာတပ်မတော်ဟာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က စတင်ကာ ဂျက်ဖိုက်တာ ၄ စီးနဲ့ ၇ ကြိမ်ထက်မနည်း တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ရခိုင်မီဒီယာတွေရဲ့ ရေးသားချက်အရ သိရတာ ဖြစ်ပါတယ်။

ကွမ်းတောင်ကျေးရွာအနီးတဝိုက်နဲ့ မင်းချောင်း တံတားအနီးပတ်ဝန်းကျင်တို့ကို မနက် ၇ နာရီဝန်းကျင်က ဗုံး ၂ခ လုံးကြဲချတိုက်ခိုက်ခဲ့ပြီးနောက် တစ်နာရီခွဲခန့်အကြာ နံနက် ၈နာရီခွန့်မှာ Y12 နဲ့လည် ထပ်မံ ဗုံးကြဲတိုက်ခိုက် နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၆ ရက်နေ့ မနေ့က နေ့လည် ၁ နာရီကျော်ကလည်း မြန်မာ့တပ်မတော်က ဂျက်ဖိုက်တာတွေဟာ ပုဏ္ဏားကျွန်းမြို့အနီးက တောင်တန်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စစ်တွေတပ်ရင်းတွေဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်တွေဘက်က မြန်မာ့တပ်မတော်နဲ့ ပုဏ္ဏားကျွန်းဘက်က AA အဖွဲ့တို့အကြား အပြန်အလှန်တိုက်ပွဲတွေဟာ ဒီကနေ့အထိ ရက်ဆက်မပြတ် ပြင်းထန်စွာ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က ဒီကနေ့ မြန်မာ့တပ်မတော်ရဲ့ ဗုံးကြဲမှုတွေအတွင်း AA လက်နက်ကိုင်အဖွဲ့ဝင်တွေ ထိခိုက်မှုရှိ/မရှိကို တရားဝင်မသိရှိရသေးပေမယ့် ထိခိုက်သေဆုံးမှု အများအပြား ရှိနိုင်တယ်လို့လည်း ရခိုင်ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်ထားရာ မြို့နယ်အနှံ့က AA လက်နက်ကိုင်တွေ ရှိရာနေရာတွေကို စက်တင်ဘာ ၄ ရက်နေ့က စတင်ပြီး မြန်မာ့တပ်မတော်ဘက်က ၄၉၂၆ စစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးလက်ထက် မတ်လ ၃၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ ၅ လတာအတွင်း နိုင်ငံတဝှမ်းလေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၅၈၃ ကြိမ်ထက်မနည်း ရှိခဲ့ပြီဖြစ်တယ်လို့ ISP-Myanmar က သုတေသနအချက်အလက်တွေနဲ့ ဆိုထားပါတယ်။။

အဲဒီအထဲက ရခိုင်၊ ချင်း၊ စစ်ကိုင်းနဲ့ မကွေးဒေသတွေပါဝင်တဲ့ အနောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကို အဓိကပစ်မှတ်ထားဦးတည်တိုက်ခိုက်နေတယ်လို့ ပြောဆိုထားပြီး ရခိုင်ပြည်နယ်က လက်နက်ကိုင်စိုးမိုးထားတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှု ၂၂၀ ထက်မနည်း ပြုလုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။