(နိုင်ငံတကာ) စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြန်မာ-ထိုင်း နှစ်နိုင်ငံ မယ်ဆိုင်-မယ်ဟုတ်ချောင်း တူးဖော်ရှင်းလင်းရေးဆိုင်ရာ နည်းပညာကဏ္ဍ ပူးတွဲအလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့ စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးမတိုင်မီ မြန်မာ-ထိုင်း နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များသည် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်းအုပ်ချုပ်ရေးမှူးရုံးအနီးရှိ မယ်ဆိုင်ချောင်း၌ တပ်ဆင်ထားသည့် နှစ်နိုင်ငံပူးတွဲရေကြောင်းလေ့လာတိုင်းတာရေးစက် (Joint Hydrographic Survey) ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကြောင်းအခြေအနေများကို လေ့လာခဲ့ကြသည်။
ထို့နောက် တာချီလိတ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ ဦးဆောင်သည့် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူး နိုင်းပရဆုံလှအွမ် ဦးဆောင်သည့် ထိုင်းနိုင်ငံကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးမှုတွင် မယ်ဆိုင်-မယ်ဟုတ်ချောင်း တူးဖော်ရှင်းလင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
မယ်ဆိုင်-မယ်ဟုတ်ချောင်း တူးဖော်ရှင်းလင်းရေးလုပ်ငန်းများကို နှစ်နိုင်ငံပူးပေါင်း၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးတွဲရေကြောင်းလေ့လာတိုင်းတာမှုများမှ ရရှိသည့် အချက်အလက်များအပေါ် အခြေခံကာ ဆက်လက်ဆောင်ရွက်မည့် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာချီလိတ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က အပြန်အလှန်လက်ဆောင်ပစ္စည်းများကို ချစ်ကြည်ရင်းနှီးစွာ ပေးအပ်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းမှုသည် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် မယ်ဆိုင်-မယ်ဟုတ်ချောင်း၏ ရေကြောင်းအခြေအနေများကို ပူးပေါင်းလေ့လာတိုင်းတာခြင်းနှင့် တူးဖော်ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းပညာနှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများတွင် အထောက်အကူပြုမည်ဖြစ်ကြောင််း သိရသည်။

Telegram – t.me/positiveanglenews
#PAN