ရန်ကုန်- မန္တလေးအမြန်လမ်းတွင် ခရီးသည်ယာဥ်တစ်စီး တိမ်းမှောင်မှုဖြစ်ပွားခဲ့ရာ ၂၁ဦး ဒဏ်ရာရရှိပြီး ၁ဦးသေဆုံး

(မှုခင်း) စက်တင်ဘာ ၃

ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် ၁၃/၆ နှင့် ၁၃/၇ ကြား တွင် ခရီးသည်ယာဥ်တစ်စီး တိမ်းမှောင်မှုဖြစ်ပွားခဲ့ရာ ယာဥ်မောင်းအပါဝင် ခရီးသည် ၂၁ဦး ဒဏ်ရာရရှိိပြီး ၁ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂ရက် မွန်းလွဲ၂နာရီအချိန်ခန့်က ရန်ကုန်- မန္တလေးအမြန်လမ်းတွင် မန္တလေးမှ‌နေပြည်‌တော်သို့ ယာဉ်မောင်းပါ အမျိုးသား ၁၅ဦး၊ အမျိုးသမီး ၁၀ဦး စုစုပေါင်း ၂၅ဦး လိုက်ပါလာသည့် 9Q/…….. မိဘဂုဏ် ခရီးသည်တင်ယာဉ်သည် မိုင်တိုင် ၁၃/၆ နှင့် ၁၃/၇ ကြား တွင် ရှေ့မှမောင်းနှင်နေသောယာဉ်အား လက်ယာဘက်ယာဥ်​ကြောမှ ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာ‌ဘက်မြေသားလမ်းပေါ်ရောက်ရှိပြီးGuard Rail များနှင့်တိုက်မိကာ လမ်းအပြည့်ကန့်လန့်ဖြတ်တိမ်းမှောက်ခဲ့‌သောကြောင်း သိရသည်။

တယ်လီမက်တစ် စောင့်ကြည့်စစ်ဆေးမှု အချက်အလက်များအရ အဆိုပါကားသည် မိုင်၉/၃တွင် သတ်မှတ်ကီလိုထက်ကျော်လွန်​မောင်းသဖြင့် တယ်လီမက်တစ်ထိန်းချုပ်စင်တာ မှ ဖုန်းဆက်သတိ‌ပေးခဲ့သော်လည်းလိုက်နာခြင်းမရှိဘဲ မိုင်၁၃/၅ခန့်တွင် (၁၀၂ km/h)နှုန်းဖြင့်ဆက်လက်မောင်းနှင်ခဲ့‌သောကြောင့်တိမ်း‌မှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဥ်ကြောင့် ယာဥ်​ကြော၂ခု​လုံးပေါ်၌ကန့်လန့်လဲကျတိမ်းမှောက်သဖြင့် လမ်းပိတ်ဆို့မှုဖြစ်ပွါးခဲ့သောကြောင့် ကရိန်းဖြင့် ကားအား ဖယ်ရှားခဲ့ရပြီးမိုင် ၁၂/၅ ဂငယ်​ကွေ့ မှ ၁၅/၅ ဂငယ်​ကွေ့ အကြား အပြန်လမ်းမှ ယာဉ်နှစ်လမ်းသွားနိုင်ရန်ယာယီဆောင်ရွက်ခဲ့ရ​သော်လည်း ည ၆နာရီ၂၀မိနစ် အချိန်တွင် ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ခဲ့သည်။

အဆိုပါ ယာဥ်တိမ်းမှောက်မှုကြောင့်ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါခရီးသည်များ(ဒဏ်ရာမစိုးရိမ်ရ(၁၉)ဦး၊ စိုးရိမ်ရ(၃)ဦး၊ သေဆုံး(၁)ဦး)ထိခိုက်ခဲ့ပြီး Guard Rail(၁၂၀​ပေ)ခန့် နှင့် လမ်းပခုံးမြေသားလမ်း (၁၅၀)​ပေခန့် ပျက်စီးခဲ့ကြောင်းသိရသည်။