ငွေစာရင်းမရှင်းနိုင်သည့် အမျိုးသမီးဖောက်သည်၏ ဦးခေါင်းကို ဘားမန်နေဂျာ ရိတ်ခဲ့သည့်ဗီဒီယို ပျံ့နှံ့၊ ရဲစုံစမ်းစစ်ဆေးရန် တောင်းဆိုမှုများထွက်ပေါ်

(နိုင်ငံတကာ) ဩဂုတ် ၂၈

ထိုင်းနိုင်ငံတွင် ဘားတစ်ခု၌ ငွေစာရင်းမရှင်းနိုင်သည့် အမျိုးသမီးဖောက်သည်တစ်ဦး၏ ဦးခေါင်းကို မန်နေဂျာက ဆံပင်ညှပ်စက်ဖြင့် ရိတ်ပေးနေသည့် ဗီဒီယို လူမှုကွန်ရက်များပေါ် ပျံ့နှံ့လာပြီးနောက် မန်နေဂျာအပေါ် ဝေဖန်မှုများ မြင့်တက်လာကာ ရဲတပ်ဖွဲ့အနေဖြင့် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပေးရန်နှင့် အမျိုးသမီးငယ်၏ လူမှုဖူလုံရေးအခြေအနေကို စောင့်ကြည့်ပေးရန် တောင်းဆိုမှုများ ထွက်ပေါ်လာကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို Pen Nueng Foundation မှ Chalida Phalamat က ဩဂုတ် ၂၇ ရက်တွင် ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး မန်နေဂျာက အမျိုးသမီး၏ ဦးခေါင်းကို ရိတ်ပြီးနောက် ရဲစခန်းသို့ ခေါ်ဆောင်သွားကာ ဘားတွင် ငွေစာရင်းများ ပြုလုပ်ခဲ့သော်လည်း ငွေမရှင်းခဲ့ကြောင်း စွပ်စွဲထားသည့် ဗီဒီယိုကို မျှဝေခဲ့ခြင်းဖြစ်သည်။

အမျိုးသမီး၏ ငွေစာရင်းမှာ ဘတ် ၆၀,၀၀၀ ခန့်ရှိပြီး ယင်းကဲ့သို့ ငွေစာရင်းမရှင်းဘဲ ထွက်ခွာသည့်ဖြစ်စဉ်များ ယခင်ကလည်း အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု အချို့က ပြောဆိုထားသည်။ ဘားဘက်ကလည်း အမျိုးသမီးသည် ဩဂုတ် ၂၅ ရက်တွင် အတုအယောင်မှတ်ပုံတင်ဖြင့် ဝင်ရောက်လာခဲ့ပြီး ငွေစာရင်းရှင်းရန် ငွေမရှိခဲ့ကြောင်း ပြောကြားထားသည်။

ထို့နောက် မန်နေဂျာက အမျိုးသမီးအား ဆံပင်ကို အမြစ်မှ အဖျားအထိ ဖြတ်တောက်ကာ ဘတ် ၃,၀၀၀ ဖြင့် ရောင်းချရန် သဘောတူညီသည့် စာချုပ်တစ်စောင် လက်မှတ်ရေးထိုးစေခဲ့သည်ဟု သိရသည်။

သို့သော် Chalida က ဘား၏ ငွေကြေးဆုံးရှုံးမှုနှင့် ဝန်ထမ်းများအပေါ် မန်နေဂျာ၏ ဘဏ္ဍာရေးတာဝန်များကို နားလည်သော်လည်း အမျိုးသမီး၏ ဦးခေါင်းကို ရိတ်ခြင်းမှာ အလွန်အကျွံဖြစ်ပြီး ဥပဒေနှင့်မညီနိုင်ကြောင်း ဝေဖန်ခဲ့သည်။ ထို့အပြင် ဘားအနေဖြင့် ကိုယ်တိုင်အရေးယူခြင်းထက် ရဲစခန်းသို့ တိုင်ကြားနိုင်ခဲ့ကြောင်းလည်း မေးခွန်းထုတ်ခဲ့သည်။

အမျိုးသမီးက ဦးခေါင်းရိတ်ရန် သဘောတူခဲ့သည်ဆိုသည့်အချက်မှာ အခြေအနေအရ အမှန်တကယ် လွတ်လပ်စွာ သဘောတူညီခဲ့ခြင်း ဟုတ်၊ မဟုတ်ကိုလည်း Chalida က မေးခွန်းထုတ်ခဲ့ပြီး ဆံပင်လှူဒါန်းရန်အတွက် ရိတ်ခဲ့ခြင်းဖြစ်သည်ဆိုသည့် ဘားဘက်၏ ရှင်းပြချက်အပေါ်လည်း သံသယရှိကြောင်း ပြောကြားခဲ့သည်။

မန်နေဂျာက အမျိုးသမီး၏ မိသားစုထံ ဆက်သွယ်၍ တောင်းပန်ခြင်းနှင့် နစ်နာကြေးပေးခြင်းများ ပြုလုပ်မည်ဟု ပြောကြားထားကြောင်းလည်း Chalida က ဆိုသည်။

အမျိုးသမီးသည် အသက် ၂၀ နှစ်အောက် ဖြစ်နိုင်သည့်အပြင် အရွယ်မရောက်သေးသူ ဟုတ်၊ မဟုတ်နှင့် နောက်ခံစိတ်ကျန်းမာရေးပြဿနာများ ရှိ၊ မရှိ မသေချာသေးသဖြင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသမီး၏ လူမှုဖူလုံရေးအခြေအနေကို စစ်ဆေးပေးရန်လည်း တောင်းဆိုထားသည်။

အမျိုးသမီး၏ မိခင်ကမူ ဘားဘက်မှ ပြောကြားထားသည့် ဖြစ်စဉ်ကို ငြင်းဆိုထားပြီး ငွေစာရင်းကို အရစ်ကျဖြင့် ပေးချေရန် ကမ်းလှမ်းခဲ့သော်လည်း ဘားဘက်က လက်မခံခဲ့ကြောင်း ပြောကြားသည်။ ထို့အပြင် သမီးဖြစ်သူ၏ ခန္ဓာကိုယ်တွင် အညိုအမဲစွဲဒဏ်ရာများအပါအဝင် ကိုယ်ထိလက်ရောက်ကျူးလွန်ခံထားရသည့် လက္ခဏာများ တွေ့ရကြောင်း စွပ်စွဲထားပြီး သောကြာနေ့တွင် သမီးဖြစ်သူကို Bang Yai Khan ရဲစခန်းသို့ ခေါ်ဆောင်ကာ တိုင်ကြားမည်ဟု ပြောကြားထားကြောင်း သိရသည်။