
(စီးပွားရေး) ဩဂုတ် ၂၀
အမေရိကန်ပြည်ထောင်စု၏ အမျိုးသားကြွေးမြီပမာဏသည် ပထမဆုံးအကြိမ် ဒေါ်လာ ၄၀ ထရီလီယံကျော်အထိ ရောက်ရှိသွားပြီး ကာကွယ်ရေးအသုံးစရိတ်၊ Social Security နှင့် Medicare ကဲ့သို့ လူမှုဖူလုံရေးအသုံးစရိတ်များ၊ ဘတ်ဂျက်လိုငွေအပေါ် ပေးဆောင်ရသည့် အတိုးစရိတ်များ မြင့်တက်လာမှုကြောင့် အမေရိကန်အစိုးရ၏ ဘဏ္ဍာရေးအခြေအနေအပေါ် ဖိအားများ ပိုမိုမြင့်တက်လာကြောင်း သိရသည်။
အမေရိကန်အမျိုးသားကြွေးမြီသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ဒေါ်လာ ၃၈ ထရီလီယံ၊ ၂၀၂၆ ခုနှစ် မတ်လတွင် ဒေါ်လာ ၃၉ ထရီလီယံသို့ ရောက်ရှိခဲ့ပြီး ယခု ဒေါ်လာ ၄၀ ထရီလီယံကျော်သို့ ရောက်ရှိရန် ယခင်စံချိန်မှ ၅ လခန့်သာ ကြာမြင့်ခဲ့သည်။
အမေရိကန်အစိုးရ၏ အသုံးစရိတ်သည် အခွန်ဘဏ္ဍာရရှိငွေထက် ပိုမိုများပြားနေခြင်းသည် အမျိုးသားကြွေးမြီ တိုးပွားလာစေသည့် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည်။ COVID-19 ကပ်ရောဂါကာလအတွင်း စီးပွားရေးပြန်လည်နာလန်ထူရေးအတွက် အစိုးရက ငွေကြေးအမြောက်အမြား ချေးယူသုံးစွဲခဲ့ခြင်းကလည်း ကြွေးမြီတိုးတက်လာမှုကို အရှိန်မြှင့်ခဲ့သည်။
ယခုကြွေးမြီပမာဏမြင့်တက်လာခြင်းသည် အစိုးရ၏ ဘဏ္ဍာရေးစာရင်းများအပေါ်သာမက ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝအပေါ်ပါ သက်ရောက်နိုင်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။ အထူးသဖြင့် အိမ်ဝယ်ရန်နှင့် ကားဝယ်ရန် ချေးငွေအတိုးနှုန်းများ မြင့်တက်လာနိုင်သကဲ့သို့ စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံနိုင်စွမ်းနှင့် လုပ်ခလစာများအပေါ်လည်း ဖိအားများ ဖြစ်ပေါ်လာနိုင်သည်။
အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Kush Desai ကမူ Trump အစိုးရအနေဖြင့် ဖက်ဒရယ်အစိုးရအသုံးစရိတ်အတွင်း မလိုအပ်သည့် ဖြုန်းတီးမှု၊ လိမ်လည်မှုနှင့် အလွဲသုံးစားမှုများကို လျှော့ချရန်နှင့် စီးပွားရေးတိုးတက်မှုကို အရှိန်မြှင့်၍ အမျိုးသားကြွေးမြီနှင့် GDP အချိုးကို သင့်တော်သည့် လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရန် အာရုံစိုက်နေကြောင်း ပြောကြားထားသည်။
သို့သော် Peter G. Peterson Foundation ၏ အမှုဆောင်အရာရှိချုပ် Michael A. Peterson က အမေရိကန်၏ ဘဏ္ဍာရေးမူဝါဒကို ရေရှည်တည်တံ့နိုင်သည့် လမ်းကြောင်းပေါ်သို့ အမြန်ပြန်လည်တင်ရန် လိုအပ်ကြောင်း သတိပေးထားသည်။
ထို့အပြင် Bipartisan Policy Center၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Margaret Spellings ကလည်း ဖက်ဒရယ်ကြွေးမြီမြင့်တက်လာမှုသည် လူနေမှုစရိတ်များကို မြင့်တက်စေပြီး အခြားအစိုးရအသုံးစရိတ်များနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဖိအားပေးကာ အမေရိကန်စီးပွားရေး၏ ရေရှည်သာယာဝပြောမှုကို ထိခိုက်စေနိုင်ကြောင်း သုံးသပ်ထားသည်။
လက်ရှိ အမေရိကန်၏ ကြွေးမြီသည် ကွန်ဂရက်က သတ်မှတ်ထားသည့် Debt Ceiling နှင့်လည်း နီးကပ်လာနေသည်။ Bipartisan Policy Center ၏ ခန့်မှန်းချက်အရ ကြွေးမြီသည် ဒေါ်လာ ၄၁ ဒသမ ၁ ထရီလီယံ သို့ ၂၀၂၇ ခုနှစ် ဆောင်းရာသီကုန်ပိုင်းမှ နွေရာသီအလယ်ပိုင်းအတွင်း ရောက်ရှိနိုင်ပြီး ကွန်ဂရက်အနေဖြင့် ကြွေးမြီကန့်သတ်ချက်ကို ထပ်မံတိုးမြှင့်ရန် သို့မဟုတ် ရပ်ဆိုင်းရန် ဆုံးဖြတ်ရဖွယ်ရှိသည်။
စီးပွားရေးပညာရှင်များကလည်း အမေရိကန်၏ လက်ရှိဘဏ္ဍာရေးလမ်းကြောင်းသည် ရေရှည်တည်တံ့နိုင်မှုအပေါ် စိုးရိမ်စရာများရှိနေပြီး စီးပွားရေးကျဆင်းမှု၊ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများ သို့မဟုတ် အခြားမမျှော်မှန်းနိုင်သည့် အကျပ်အတည်းများ ဖြစ်ပေါ်လာပါက ကြွေးမြီပြဿနာသည် ပိုမိုပြင်းထန်သည့် ဘဏ္ဍာရေးအကျပ်အတည်းအဖြစ် လျင်မြန်စွာ ပြောင်းလဲနိုင်ကြောင်း သတိပေးထားသည်။