
(ပြည်တွင်း) ဩဂုတ် ၂၀
(၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (9th Thailand-Myanmar High Level Committee Meeting) သို့ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E Lieutenant General (Ret.) Adul Boonthamcharoen အား ကာကွယ်ရေးဝန်ကြီးဌာနရုံး၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ထိုင်းဘက်မှ ကာကွယ်ရေးဝန်ကြီးနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
နှစ်နိုင်ငံတွေ့ဆုံစဉ် နိုင်ငံတပ်မတော် နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခိုင်မာစေရေး၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု (ကျားဖြန့်) နှင့် ပါဝင်ပတ်သက်သူများကို အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် အရေးယူနေသည့် အခြေအနေများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ထို့ပြင် နယ်စပ်ဖြတ်ကျော် တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ ကာကွယ်ရေးအတွက် မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံ သဘောတူထားသည့် “မီးခိုးမြူငွေ့ကင်းစင်သော ကောင်းကင်ဖြစ်စေရေး သုံးနိုင်ငံ ပူးတွဲလုပ်ငန်းစီမံချက်” (Clear Sky Strategy 2024-2030) အောက်တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် ရေအရည်အသွေး ထိန်းသိမ်းရေးနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမဝင် ကုန်စည်စီးဆင်းမှုနှင့် အကြမ်းဖက်မှုများ တိုက်ဖျက်ရေး၊ သတင်းအချက်အလက် ဖလှယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။