
(မှုခင်း) ဩဂုတ် ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊စက်မှုဇုန်(၁၆)လမ်းတွင် ဩဂုတ်၁၃ ရက်နေ့ နံနက်အစောပိုင်းက ဓာတ်ကြိုးဖြုတ်ယူနေသည့် အသက် ၃၁နှစ်အရွယ်အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ဦးစိုးလင်းပိုင်ဖြစ်ပြီး ဓာတ်တိုင်မှတွဲလောင်းကျနေသည့် ဓာတ်ကြိုးကို ခိုးယူနေစဉ် အပေါ်ဘက်က ကြေးနန်းကြိုးများပါလိုက်ကျလာကာ ကြိုးများပူး၍ လျှပ်စစ်ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နံနက် ၅နာရီကျော်ခန့်တွင် ဖြစ်ပွားခဲ့ပြီး ကူညီရေးအဖွဲ့ဝင်များ ရောက်ရှိချိန်တွင် သေဆုံးသူ၏လက်ထဲ၌ ဓာတ်ကြိုးကို ကိုင်ထားသည့်အနေအထားဖြင့် တွေ့ရှိခဲ့ကြောင်း သိရသည်။
ဦးစိုးလင်းပိုင်သည် ဧရာဝတီတိုင်းဒေသကြီး ဇာတိဖြစ်ပြီး မော်လမြိုင်မြို့ စက်မှုဇုန်အတွင်း အငှားနေထိုင်သူဖြစ်ကြောင်း သိရသည်။
အလားတူ ဓာတ်ကြိုးများ၊ ထရန်စဖော်မာကြေးနန်းကြိုးများ ဖြုတ်ယူရန် ကြိုးပမ်းစဉ် ဓာတ်လိုက်သေဆုံးသည့် ဖြစ်စဉ်များ ယခင်ကလည်း အောင်ပန်းနှင့် မန္တလေးမြို့တို့တွင် ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။