မြန်မာ–ဘယ်လာရုစ် အမျိုးသမီးရေးရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး

(နိုင်ငံခြားရေး) ဩဂုတ် ၁၄

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား အမျိုးသမီးရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်နိုင်ရေးအတွက် အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲကို ဩဂုတ်လ ၁၄ ရက် မွန်းလွဲပိုင်းက အမျိုးသမီးရေးရာဝန်ကြီးဌာန ဧည့်ခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးနှင့် အမျိုးသမီးငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် အမျိုးသမီးများ၏ လူမှုဘဝလုံခြုံရေးဆိုင်ရာ ကဏ္ဍများတွင် အတွေ့အကြုံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က မြန်မာနိုင်ငံလူဦးရေ၏ ၅၃ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်ကြောင်းနှင့် ကျေးလက်နေအမျိုးသမီးများနှင့် အမျိုးသမီးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့အပြင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်းဖြစ်သည့် National Strategic Plan for Advancement of Women (NSPAW) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ တားဆီးကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူမှုဘဝလုံခြုံရေးအတွက် အမျိုးသမီးရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးကဏ္ဍများတွင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးနှင့် အခြားနိုင်ငံများ၏ အတွေ့အကြုံကောင်းများကို လေ့လာလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova က ၂၀၂၆ ခုနှစ်ကို ဘယ်လာရုစ်သမ္မတနိုင်ငံ၏ “အမျိုးသမီးများနှစ်” အဖြစ် သတ်မှတ်ထားကြောင်း ပြောကြားသည်။

အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသမီးများအနေဖြင့် မိမိတို့၏ မိသားစုနှင့် ကလေးသူငယ်များကို မည်သို့ကာကွယ်စောင့်ရှောက်ရမည်ကို သိရှိနိုင်စေရန် အသိပညာပေးအစီအစဉ်များ ထည့်သွင်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် အမျိုးသမီးများ၏ ကျန်းမာရေးသည်လည်း အရေးကြီးသည့်အတွက် ကျန်းမာရေးအသိပညာများ ရရှိစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် မြန်မာ–ဘယ်လာရုစ် နှစ်နိုင်ငံအကြား အမျိုးသမီးရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN