ပြည်ခိုင်ဖြိုးနှင့် Belaya Rus ပါတီတို့ နှစ်ပါတီသဘောတူချက်၊ လူငယ်နှင့် Media ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

(နိုင်ငံရေး) ဩဂုတ် ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ H.E. Volha Chamadanava ဦးဆောင်သည့် ပါတီကိုယ်စားလှယ်အဖွဲ့အား ဩဂုတ် ၁၃ ရက် နံနက် ၁၀ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ဧည့်ခန်းမ၌ ကြိုဆိုတွေ့ဆုံခဲ့ကြောင်း သိရသည်။

ပါတီဌာနချုပ်သို့ ရောက်ရှိလာသည့် Belaya Rus ပါတီဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်မောင်မယ်များက လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ပါတီအကြီးအကဲများက Belaya Rus ပါတီဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့အား ပါတီဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး နှစ်ပါတီအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် Belaya Rus ပါတီတို့အကြား ချမှတ်ထားသည့် နှစ်ပါတီသဘောတူချက်နှင့် အကောင်အထည်ဖော်မည့် လမ်းပြမြေပုံပါ လုပ်ငန်းစဉ်များ ဆောင်ရွက်မည့်အခြေအနေများ၊ လူငယ်ရေးရာကဏ္ဍတွင် နှစ်ပါတီလူငယ်များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ဖလှယ်မှုများ ပြုလုပ်နိုင်ရေး၊ Media ကဏ္ဍတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နှစ်ဖက်ပါတီကိုယ်စားလှယ်များသည် အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး မှတ်တမ်းတင် စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ဆက်လက်၍ ပါတီဥက္ကဋ္ဌ ဦးခင်ရီက Belaya Rus ပါတီဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီရုံးဖွဲ့စည်းထားရှိမှုကို ပုံစံငယ်ဖြင့် ရှင်းလင်းပြသခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံပါတီများအကြား ချိတ်ဆက်ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် မှတ်တမ်းများကို Video File ဖြင့် ပြသခဲ့ရာ ကိုယ်စားလှယ်အဖွဲ့က ကြည့်ရှုခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့် ပါတီတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး Belaya Rus ပါတီဥက္ကဋ္ဌ H.E. Volha Chamadanava ဦးဆောင်သည့် ပါတီကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN