ကိုလံဘီယာတွင် ၂၁ ရာစုအတွင်း အင်အားအပြင်းဆုံး ငလျင်လှုပ်၊ လူ ၁၁၁ ဦးထက်မနည်း သေဆုံး

(နိုင်ငံတကာ) ဩဂုတ် ၁၀

ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် ဩဂုတ် ၁၀ ရက်က အင်အား ၇ ဒသမ ၄ မဂ္ဂနီကျုဒ်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ရာ လူ ၁၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ၏ အဆိုအရ ငလျင်သည် မြေအောက်အနက် ၁၀၇ ကီလိုမီတာခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ငလျင်ဗဟိုချက်မှာ လူနေထိုင်မှုနည်းပါးသည့် Chocó ပြည်နယ်ရှိ San José del Palmar မြို့အနီးတွင် တည်ရှိခဲ့ပြီး ငလျင်ကြောင့် အဆိုးရွားဆုံး သေဆုံးမှုများမှာ Risaralda ပြည်နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကိုလံဘီယာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် Cali မြို့တွင်လည်း ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသော်လည်း သေဆုံးသူရှိ၊ မရှိနှင့်ပတ်သက်၍ ဒေသခံအာဏာပိုင်များက အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း Reuters က ဖော်ပြသည်။

ကိုလံဘီယာ ဘူမိဗေဒဌာနက ယင်းငလျင်သည် ၂၁ ရာစုအတွင်း ကိုလံဘီယာနိုင်ငံတွင် မှတ်တမ်းတင်ထားသည့် အင်အားအပြင်းဆုံး ငလျင် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကိုလံဘီယာနိုင်ငံသည် အဓိက ကမ္ဘာမြေထုချပ်ပြားများ ဆုံစည်းရာဒေသတွင် တည်ရှိသောကြောင့် ကမ္ဘာပေါ်တွင် ငလျင်လှုပ်ခတ်မှု အများဆုံးဒေသများထဲမှ တစ်ခုဖြစ်သည်။

သို့သော် ကိုလံဘီယာတွင် ဖြစ်ပွားသည့် ငလျင်အများအပြားမှာ မြေအောက်အနက်ပိုင်း၌ ဖြစ်ပေါ်လေ့ရှိသဖြင့် မြေပြင်ပေါ်သို့ ရောက်ရှိချိန်တွင် ငလျင်၏ ပြင်းအား လျော့ကျလေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရာစုနှစ်အတွင်း ကိုလံဘီယာနိုင်ငံ၌ ရစ်ခ်တာစကေး ၇ အထက်ရှိ အင်အားပြင်းငလျင်များ ဖြစ်ပွားမှုမှာ အနည်းငယ်သာရှိခဲ့ကြောင်း သိရသည်။

ယခုငလျင်သည် ကိုလံဘီယာသမ္မတသစ် Abelardo De La Espriella ကျမ်းသစ္စာကျိန်ဆိုပြီး ရက်ပိုင်းအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#PAN