Time City Office 3 အရှေ့တွင် ထိုင်နေရာမှ ရုတ်တရက်လဲကျသည့် လူလတ်ပိုင်းအမျိုးသား သေဆုံး

(မှုခင်း) ဩဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ Time City Office 3 အရှေ့တွင် ဩဂုတ် ၉ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်က လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေရာမှ ရုတ်တရက်လဲကျပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါအမျိုးသားသည် Time City Office 3 အရှေ့တွင် ထိုင်နေရာမှ ရုတ်တရက်လဲကျသွားခဲ့ခြင်းဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိသူများက အနာဂတ်အလင်းတန်းပရဟိတအသင်းထံ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

အဆိုပါအကြောင်းကြားချက်အရ အနာဂတ်အလင်းတန်းပရဟိတအသင်းမှ အရေးပေါ်လူနာတင်ယာဉ်တစ်စီးဖြင့် ဖြစ်စဉ်နေရာသို့ သွားရောက်ကူညီခဲ့ပြီး လူနာအား စစ်ဆေးရာတွင် ရောက်ရှိချိန်၌ပင် သေဆုံးနေပြီဖြစ်ကြောင်း အသင်းထံမှ သိရသည်။

ထို့အပြင် သေဆုံးသူ၏ ရုပ်အလောင်းအနီးတွင် ပန်းနာရင်ကြပ်ရောဂါရှိသူများ အသုံးပြုသည့် ရှူဆေးဘူး တွေ့ရှိခဲ့သဖြင့် ရုတ်တရက်အသက်ရှူရပ်ခြင်းကြောင့် သေဆုံးခြင်းဖြစ်နိုင်သည်ဟု ကျန်းမာရေးနှင့်ပတ်သက်၍ လေ့လာထားသူတစ်ဦးက ပြောကြားထားသော်လည်း သေဆုံးရသည့် အကြောင်းရင်းကို သက်ဆိုင်ရာတာဝန်ရှိသူများ၏ စစ်ဆေးမှုအပေါ် အတည်ပြုရန် လိုအပ်သည်။

သေဆုံးသူ၏ ရုပ်အလောင်းကို စနစ်တကျ ထုပ်ပိုးပြီး အနာဂတ်အလင်းတန်းပရဟိတအသင်း၏ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN